"စုံစမ်းရှာဖွေတဲ့အပိုင်းက သူတို့ကိုဖမ်းလို့မရနိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီးတော့ တရားခံပြေးအမှုကို ရုတ်သိမ်းလိုက်ပါတယ်" ဟု ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများအတွက် အမှုလိုက်ပေးသည့် ဦးသိန်းသန်းဦးက မဇ္ဈိမကိုပြောသည်။
တရားခံပြေးအဖြစ် ကြေငြာထားသော ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်နှင့် ကိုမြတ်သူ တို့သုံးဦး၏ သက်ဆိုင်ရာ ရ.ယ.က များကို ခေါ်စစ်ပြီးနောက် တရားရုံးက ယင်းသို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
"ရယကတွေကို စစ်တယ်။ စစ်တော့ ဒီလူတွေအိမ်မှာ မရှိပါဘူး။ ဖမ်းလို့မမိပါဘူးဆိုပြီးတော့ တရားခံပြေးအမှုကို ပိတ်ပစ်တယ်" ဟု ဦးသိန်းသန်းဦးက ဆိုသည်။
ဒီမိုကရေစီပညာရေးကို တောင်းဆိုသည့် သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူစုစုပေါင်း ၁၀၀ကျော်အား မတ်လ ၁၀ရက်တွင် အာဏာပိုင်များက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် လွတ်မြောက်သွားသည့် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်(၄)ဦးကို တရားခံပြေးအဖြစ် မတ်လ ၂၅ရက်တွင် လက်ပံတန်းတရားရုံးက ဆုံးဖြတ်ထားခြင်းဖြစ်သည်။
အဆိုပါလေးဦးတွင် တစ်ဦးအပါအဝင်ဖြစ်နေသည့် ကိုနန္ဒစစ်အောင်မှာ မတ်လ ၂၇ရက်က ရန်ကုန်တွင် ဖမ်းဆီးခံရပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၆၉ဦးနှင့်အတူ ပုဒ်မ(၅)ခုဖြင့် တရားစွဲခံထားရသည်။
ဖမ်းဆီးခံထားရသူစုစုပေါင်း (၇၀)ဦးအား လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားခြင်း ဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ ဖြစ်သည်။
လာမည့် မေလ ၁၂ရက်တွင် အဆိုပါ ရ၀ဦးအား သာယာဝတီခရိုင် တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယင်းနေ့တွင် တရားလိုဖြစ်သည့် ရဲမှူး ဘုန်းမြင့်ကို စတင် စစ်ဆေးမည်ဟု ဦးသိန်းသန်းဦးက ပြောသည်။
သပိတ်မှောက်ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ကမူ "ကျွန်မတို့ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ရဲ့ မှားယွင်းမှုတွေ၊ လာဘ်စားမှုတွေ၊ ချုပ်ကိုင်ထားမှုတွေကို ကျွန်မတို့ ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်" ဟု ရုံးထုတ်လာစဉ် အချုပ်ကားပေါ်မှ သတင်းထောက်များကို ပြောဆိုခဲ့သည်။
ဧပြီလ ၃၀ရက်နေ့က ရုံးထုတ်မှုတွင် ဖမ်းဆီးခံကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုများမှာ သံဆူးကြိုးဖြင့် စည်းခြားထား သည့်အတွက် အနီးကပ်တွေ့ ခွင့်မရသောကြောင့်ကျောင်းသား မိဘအချို့ကျေနပ် မှုမရှိကြပေ။
"ကိုယ့်သားလေးကို အနီးကပ် ကြည့်ရှုအားပေးချင်ပေမယ့် သံဆူးကြိုးခြားထားတယ်လေ။ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး" ဟု ဖမ်းဆီးခံကျောင်းသား ကိုသီဟဝင်းတင်၏ မိခင်က မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများမှာ လွှတ်တော်က ပြဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း မတ်လ ၁၀ရက်တွင် ဖမ်းဆီးခံ ရခြင်းဖြစ်သည်။
ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ ဥပဒေအရဖြေရှင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အာဏာပိုင် များဘက်ကပြော ဆိုထားသည်။







