တရုတ်-မြန်မာ နယ်စပ် တစ်နေရာတွင် ဧပြီ ၂၉ ရက်က ဗဟိုကော်မတီဝင် ၁၅ဦး တစ်နေကုန် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ဦးစီးချုပ် ဖုန်တာရွှင်၊ ဒုတိယ စစ်ဦးစီးချုပ် ရန်ဝင်ကျိုးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းတို့ သုံးဦး တက်ရောက်မည်ဖြစ်သည်။
“ကျွန်တော်တို့ သုံးဦးတက်မယ်။ အဓိကတော့ တင်ပြရမယ့် ဟာကတော့ လောလောဆယ် ကျွန်တော်တို့ ကိုးကန့် နယ်မြေထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေလေးတွေ တင်ပြပါ့မယ်။ တခြားတော့ လောလောဆယ် မရှိသေးဘူး။ ဒေသတွင်း စစ်ရေး အခြေအနေတွေ ဆွေးနွေးပါတယ်”ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် တစ်ရက်လျှင် အကြိမ်ပေါင်း ၄၀၊ ၅၀ ခန့် ပစ်ခတ်မှုတော့ရှိနေဆဲ ဖြစ်သည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။
ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရ အနေဖြင့်ဆွေးနွေးရန် အစီအစဉ် မရှိကြောင်း RFA သတင်း ဌာနက မေးမြန်းစဉ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးဦးရဲထွဋ်က ပြောဆို ထားသည်။
“ကြားရတာတော့ ဝမ်းနည်းတာပေါ့။ ကျွန်တော်တို့လည်း စစ်မတိုက်ချင်ကြပါဘူး၊ ဦးအောင်မင်းလည်း ပြောသေး တယ်မလား ဦးဖုန်ကြားရှင်နဲ့ သူနဲ့ မနေ့က တွေ့ခဲ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။ မတွေ့ခဲ့ဘူး၊ ဆုံလည်း မဆုံခဲ့ဘူးဆိုတော့ သူပြောတဲ့ဟာတွေက မဟုတ်တော့ဘူးပေါ့ဗျာ”ဟု ဦးထွန်းမြတ်လင်းကပြောသည်။
UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် မေလ ၁ ရက်မှ ၃ ရက်ထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည်ဟု သိရသည်။ ထိုဆွေးနွေးပွဲသတင်းများ ရယူရန်အတွက် ပြည်တွင်းမှ သတင်းဌာန ၈ ခုကို သတင်းယူခွင့် ပြုထားသည်။







