အကူအညီမဲ့ ရခိုင် စစ်ဘေးရှောင်များအတွက် စောလျင်စွာ ကူညီရန် ရခိုင်အမျိုးသားပါတီ တောင်းဆို

အကူအညီမဲ့ ရခိုင် စစ်ဘေးရှောင်များအတွက် စောလျင်စွာ ကူညီရန် ရခိုင်အမျိုးသားပါတီ တောင်းဆို
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ စိုးရိမ်စိတ်များနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ဒုက္ခသည်များကို အကူအညီပေးမည့် အစီအစဉ်များ စောလျင်စွာ လုပ်ဆောင်ပေးရန် ရခိုင်အမျိုးသားပါတီက ဧပြီ ၂၉ ရက်တွင် တောင်းဆိုလိုက်သည်။

တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အခက်အခဲများနှင့် ကြံုတွေ့နေရသည်ဟု ရခိုင်အမျိုးသားပါတီကဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီ ပေးလိုသူများခြင်းကြောင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ညှိနှိုင်းခဲ့သော်လည်း ဒုက္ခသည်အရေး ဖြေရှင်းနိုင်ခြင်း မရှိသေးဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

"သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကျွန်ုပ်တို့ပါတီက ညှိနှိုင်းဆောင်ရွက်မှု ပြုနိုင်ခဲ့စေကာမူ စစ်ဘေးရှောင် ဒုက္ခသည်များ၏ အတည်တကျနေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ လုံခြံုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကူညီရေးအဖွဲ့များမှာ အဆင်ပြေစွာ ဆောင်ရွက်မှု မပြုနိုင်သေးကြောင်း တွေ့ရှိရသည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူပင် အပြစ်မဲ့ပြည်သူများမှာလည်း သံသယနှင့် ဖမ်းဆီးနှိပ်စက်ခံနေရသည်ဟု ရခိုင်အမျိုးသားပါတီက ဆိုသည်။ "သံသယနှင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိမ်သောက ရောက်နေကြောင်း သိရှိနေရသည့်အတွက် ဒေသအာဏာပိုင်များ အနေဖြင့် အပြစ်မဲ့ ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းသည်" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၅၀၀ ခန့်ရှိနေသည်ဟု ဒေသအခြေစိုက် ကူညီရေးအဖွဲ့အစည်းများက ဆိုသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ယခု လအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...