ကရင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဘောလုံးပွဲ YUOE နှင့် NRDC ဗိုလ်စွဲ

ကရင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဘောလုံးပွဲ YUOE နှင့် NRDC ဗိုလ်စွဲ
by -
ကေအိုင်စီ
ရန်ကုန် ကရင်တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တတိယအကြိမ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲများကို ဇူလိုင်၁၉ရက်နေ့လည်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်ဝန်း ဘောလုံးကွင်း၌ ကျင်းပရာအမျိုးသမီးပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ်(YUOE)နှင့် အမျိုးသားပွဲစဉ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(NRDC)အသင်းတို့ အသီးသီးအနိုင်ရဗိုလ်စွဲသွား ခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်၁၉ရက်နေ့တွင်ကျင်းပခဲ့ပြီး အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်အသင်းက ရန်ကုန်သူနာပြုတက္ကသိုလ်အသင်းကို ၃ဂိုးပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွွံ့ဖြိုးရေးဒီဂရီကောလိပ်အသင်းက ဒဂုံတက္ကသိုလ်အသင်းကို ၄ဂိုး၁ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံးဂိုးသမားဆု ရရှိခဲ့သည့် ရန်ကုန်သူနာပြုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူနန်းစုစုဌေးက “အခုလိုအကောင်းဆုံးဂိုးသမားဆုနဲ့ အသင်းလိုက်စုစည်းညီညွတ်တဲ့ ဆုရတဲ့အတွက်လည်း ညီမတို့ အသင်းသားတွေ ပျော်ရွှင်နေကြတယ်။ အနိုင်အရှုံးထက် ကိုယ့်ကရင်ကျောင်းသူကျောင်းသားတွေ စုစုစည်းစည်း ပိုမိုသိကျွမ်းခွင့်ရလို့လည်းပျော်တယ်။ တိုက်တွန်းချင်တာက ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ဒီထက်ပိုပြီးကောင်းအောင် နောက်နှစ်ကို ဝိုင်းလုပ်ကြစေချင်တယ်”ဟုကေအိုင်စီသို့ ပြောသည်။

IMG 5523

အဆိုပါ ဘောလုံးပြိုင်ပွဲသည် ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးတွင် လာရောက်ပညာသင်ကြားနေသည့် ကရင်ကျောင်းသူကျောင်းသားများအချင်းချင်း ရင်းရင်းနီးနီး မိတ်ဖွဲ့ တွေဆုံနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုရှိရန်ရည်ရွယ်၍ ကျင်းပသည့်  ဘောလုံးပြိုင်ပွဲဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာကြံုတွေ့ခဲ့ရကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် ရန်ကုန်တက္ကသိုလ်ကွန်ပျူတာဒီပလိုမာကျောင်းသား မန်းသောလျှံကပြောသည်။

“ကျနော်တို့ဖွင့်ပွဲကို ပညာရေးတက္ကသိုလ်ကွင်းက မအားလို့မိုင်လာကွင်းမှာ သွားလုပ်ရတယ်။အခုဗိုလ်လုပွဲပြီးဆုချီးမြှင့်ပေးမဲ့ စာယဉ်ကဆရာမတွေမလာဘူး။ သံလျင်ဆရာတော်ကပဲ ဆုချီးမြှင့်ပေးတယ်။ ကျနော်တို့ဘဝကအမိမဲ့သားတွေလိုပဲ။ ရေးရာဝန်ကြီးကို မောင်မယ်သစ်လွင်ကြိုဆိုပွဲတုံးကဖိတ်တယ်၊မအားဘူးပြောတယ်။ဘာပဲဖြစ်ဖြစ် တခြားတိုင်းရင်းသားတွေက အားပေးသူရှိတော့ ကောင်းကောင်းလုပ်နိုင်တယ်။ ဝိုင်းကူသူအားလုံးကိုကျေးဇူးတင်ပါတယ်”ဟုမန်းသောလျှံကကေအိုင်စီသို့ ပြောသည်။

ကရင်ကျောင်းသူကျောင်းသားများဘောလုံးပွဲကို အခက်အခဲအမျိုးမျိုးကြားမှ အောင်မြင်စွာကျင်းပနိုင်သည့်အတွက် ဂူဏ်ယူသလို နှစ်စဉ်ကျင်းပနိုင်အောင် ဝိုင်းကြိုးစားသွားမည်ဟု ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆုရှင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဒီဂရီကောလိပ် စတုတ္ထနှစ်အင်ဂျင်နီယာကျောင်းသား စခင်နိုင်ဦးကပြောသည်။

ယခုနှစ်အတွက် ယင်းဘောလုံးပြိုင်ပွဲကို ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီတက္ကသိုလ်များ(ရန်ကုန်)မှ ဦးဆောင်ပြီး တက္ကသိုလ်ကရင်ကျောင်းသားများဖလားဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ဇွန်၂၅ရက်နေ့တွင် စတင်ကျင်းပကာ အမျိုးသားအသင်း၈သင်းနှင့် အမျိုးသမီးအသင်း၃သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

တက္ကသိုလ်စာယဉ်ဦးဆောင်မှုဖြင့်ကျင်းပသည့် တက္ကသိုလ်ကရင်ကျောင်းသားများဘောလုံးပွဲသည် ၂၀၁၄ခုနှစ်စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင်သုံးကြိမ်တိုင်ပြည့်မြောက်ခဲ့ကာ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုမူ၂၀၁၅ခုနှစ်တွင် စတင်ထည့်သွင်းပြုလုပ်ခဲ့ကြောင်းပွဲစီစဉ်သူများ ထံမှသိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...