တရုတ်ကွန်မြူနစ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့မှုအပေါ် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

တရုတ်ကွန်မြူနစ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့မှုအပေါ် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
by -
နိရဥ္စရာ
ဧပြီလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရခိုင်အမျိုးသားပါတီက ထိပ်တန်းခေါင်းဆောင် ၄ ဦးဟာ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း (ပီကင်း)ကို သွားရောက်ပြီး တရုတ်ပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်အတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်ဟာ ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြုပ်နှံမှု အများအပြား ပြုလုပ်နေတဲ့ နိုင်ငံဖြစ်ပြီး ရခိုင်ကမ်းလွန်ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့တွေကိုလည်း ၀ယ်ယူ တင်သွင်းခွင့် ရရှိထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ လက်ရှိ အချိန်မှာ မြန်မာပြည်ထဲက ရခိုင်ပြည်နယ်နဲ့ တိုက်ရိုက် ဆက်နွယ်ပတ်သက်လာရသလို ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်ရေးအပေါ်မှာလည်း တရုတ်နိုင်ငံအနေနဲ့ အရင်ကထက် ပိုမိုစိတ်ဝင်စားမှု ရှိလာတယ်လို့ သိရပါတယ်။ ဒီအတွက် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသအတွင်း တည်ငြိမ်ရေးအတွက် ဘယ်လောက်ထိ အကျိုးရှိ မရှိကို သိရှိနိုင်ဖို့ နိရဥ္စရာက ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ မေးမြန်း တင်ပြ ပေးလိုက်ပါတယ်။

မေး-  ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်က ဘာရည်ရွယ်ချက်တွေနဲ့ သွားရောက်တဲ့ ခရီးစဉ်ပါလဲ။

ဖြေ- ကျွန်တော်တို့က ဧပြီလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့ထိသွားပါတယ်။ အဓိကတော့ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့  တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တချို့နဲ့ ဆွေးနွေးချင်တဲ့ အတွက်ပါ။ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ ၁၂ ရက်နေ့ ညနေပိုင်းမှာ ကူမင်းကိုသွားပါတယ်။ ကူမင်းကိုရောက်ပြီးမှ ဘေကျင်းကို တိုက်ရိုက် ဆက်သွားပါတယ်။ နောက်တစ်နေ့ ရောက်တော့ ဆွေးနွေးပွဲ လုပ်ပြီးမှပဲ ဘေကျင်းက ပြန်ပါတယ်။ နန်းနှိုင်း ( Nanning) က်ို ရောက်တယ်။ အဲဒီကတဆင့် ရန်ကုန်ကို ပြန်ရောက်ပါတယ်။ အချိန်က တိုပါတယ်။ အဓိက ဆွေးနွေးဖို့သွားတဲ့ ခရီးစဉ်ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ တရုတ် အစိုးရဘက်က ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ငန်းလေးတွေကို ကျွန်တော်တို့ စုံစမ်းတာပါ။ နောက် ကျွန်တော်တို့ ပါတီက  အခုမှ ရခိုင်အမျိုးသားပါတီဖြစ်တာ တစ်နှစ်ပဲ ရှိပါသေးတယ်။ RNDP ကတော့ နည်းနည်းကြာပြီပေါ့လေ။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ပါတီတွင်း လုပ်ငန်းဆောင်ရွက်မှုလေးတွေမှာလည်း တချို့နည်းနည်း စနစ်မကျတာလေးတွေလည်း ရှိပါတယ်။ ဟို နှစ်ပေါင်းတော်တော် ကြာနေပြီ ဖြစ်တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ လက်ရှိ လူငယ်ထုကို လေ့ကျင့်တဲ့ ပုံသဏ္ဍာန်မျိုးကို ကျွန်တော်တို့ သိချင်တာ ရှိပါတယ်။ အဲဒါကြောင့် သူတို့နဲ့ ညှိနှိုင်းတဲ့အခါမှာ လာမယ့် ဇွန်လလောက်မှာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကဘဲ လူငယ် မျိုးဆက်သစ်တွေကို တရုတ်ပြည် လေ့လာရေး ခရီးစဉ် စီစဉ်ဖို့ ကျွန်တော်တို့သဘောတူကြပါတယ်။ လူငယ် အယောက် ၂၀လောက်ဖြစ်ပါလိမ့်မယ်။ ပုံမှန် ခရီးစဉ်တွေပါ။ နောက် ကျွန်တော်တို့ ဆွေးနွေးတာတွေ ရှိပါတယ်။ အထူးသဖြင့် Scholarship Program လေးပါ။ ဘေဂျင်း တက္ကသိုလ်တွေမှာ ကျွန်တော်တို့ ဘက်က လူငယ် မျိုးဆက်သစ်တွေကို သင်တန်းပို့နိုင်အောင်ပါ။ ဒါလေးပဲ သူတို့ဘက်က ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကနေ အထွေထွေအတွင်းရေးမှူးထိ တင်ပြမယ်လို့ ကတိပေးပါတယ်။ နောက်ပိုင်းတော့ ၂၀၁၆ မှာ ဖြစ်တည်လာမယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြောင်းလာမှု အခြေအနေများရဲ့ လုပ်ပိုင်ခွင့် ပြည့်ဝလာတဲ့ အခါမှာ ကျွန်တော်တို့ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည် အစိုးရရဲ့ တိုက်ရိုက် ပံ့ပိုးနိုင်မယ့် လုပ်ငန်းလေးတွေကို ကျွန်တော်တို့ စူစမ်းရှာဖွေပါတယ်။ သူတို့ဘက်ကလည်း စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ သုံးနှုန်းတဲ့ အသုံးအနှုန်းက ရခိုင်ပြည်နယ်ရဲ့ လက်ရှိ တည်ရှိမှု အခြေအနေအရ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာ မြောက်တဲ့ အရှေ့တောင်အာရှရဲ့ နယ်မြေတစ်ခုအဖြစ် တည်ရှိနေတယ်။ အထူးသဖြင့် တရုတ်ပြည်ရဲ့ စွမ်းအင် လုံခြံုမှုအတွက် အရေးကြီးတဲ့ နေရာမှာ ရှိတဲ့အခါမှာ ရခိုင်ပြည်သူလူထုနဲ့ တရုတ်ပြည်သူလူထု ချစ်ကြည်မှုဟာ တော်တော်ကို အရေးကြီးပါတယ်။ အဲဒီလို ချစ်ကြည်မှုအတွက် တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ရခိုင်အမျိုးသား ပါတီတို့ဟာ မိမိလူထုနဲ့အတူ သွားနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရေရှည် တရုတ်-မြန်မာ ချစ်ကြည်ရေး၊ တရုတ်-မြန်မာမိတ်ဖက်- မဟာဗျူဟာမြောက်တဲ့ မိတ်ဖက် ဆက်ဆံရေးဟာ အဓွန့်ရှည်မယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ ကျွန်တော်တို့ ညှိနှိုင်းတဲ့အခါ သူတို့ သဘောတူပါတယ်။ ဒီအတွက် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန် အရေးကြီးတယ်ဆိုတာကို သူတို့ အသိအမှတ်ပြုပါတယ်။ အဲဒါကြောင့် နောင်ရှေ့ဆက်ပြီး ရေရှည်လုပ်ငန်းတွေမှာ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့၊ တရုတ်ပြည်အစိုးရရဲ့ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု၊ တိုက်ရိုက် အကူအညီဟာ အထူးသဖြင့် ရခိုင်ဒေသရဲ့ Infrastructure ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့နဲ့ ထဲထဲဝင်ဝင် အသေးစိတ် ဆွေးနွေးဖို့ ရှိပါတယ်။ အခုက ကနဦးသွားရောက်တဲ့ ညှိနှိုင်းမှု အဆင့်မှာပဲ ရှိပါသေးတယ်။

မေး-  ဟုတ်ကဲ့။ ပြီးရင် ရခိုင်ပြည်နယ်က ရွှေသဘာဝဓါတ်ငွေ့ရယ်။ ရေနံပိုက်လိုင်းကိုလည်း ရခိုင်ပြည်နယ်မှာ စီပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားတယ်ဆိုတော့ သူတို့အစိုးရဘက်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအပိုင်းမှာ အလေးပေး ဆွေးနွေးတာတွေ ရှိပါလား။

ဖြေ- ရှိပါတယ်။ သူတို့ဘက်က လူကြီးပိုင်းလောက်က ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေး လာပါလိမ့်မယ်။ လပိုင်းအတွင်း လာမယ်လို့ ကြားပါမယ်။   မြန်မာနိုင်ငံ လေ့လာရေး၊ ရခိုင်ပြည်နယ် လေ့လာရေး ခရီးပြီးမှ ဘယ်လို လုပ်ငန်းတွေကို ပ့ံပိုးရင် ကောင်းမလဲဆိုတာ သူတို့ စူးစမ်းရှာဖွေဖို့ရှိပါတယ်။

မေး-ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးကော ဘယ်လို သုံးသပ်ပါသလဲ။ အောင်မြင်တဲ့ ခရီးစဉ် တစ်ခုလား၊ အောင်မြင်တယ်ဆိုရင် ဘယ်အတိုင်းအတာ အောင်မြင်တယ်လို့ သုံးသပ်ပါသလဲ။

ဖြေ- ကျွန်တော်တို့ အချိန်က အင်မတန် ကန့်သတ်ပါတယ်။ အဲဒီကန့်သတ်ချက်တွေကြားထဲမှာ အောင်မြင်တဲ့ ခရီးစဉ် တစ်ခု ဖြစ်အောင်တော့ နှစ်ဘက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရေရှည် ချစ်ကြည်မှုက အရေးကြီးပါတယ်။
အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို ယူပြီးမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေရဲ့ ဦးဆောင်မှုလို့ သုံးသပ်နိုင်ပါတယ်။ ဒီလိုပဲ အိန္ဒိယ အစိုးရနဲ့လည်းပဲ
ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါလည်းပဲ ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းစဉ်ထဲမှာ ပါ၀င်ပါတယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့ တရုတ်ပြည် ကွန်မြူနစ်ပါတီဘက်ကို တင်ပြပါတယ်။  ရခိုင်ပြည်နယ်ရဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်း တစ်လျှောက်လုံးဟာ ဒီအတိုင်း နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေး အလွန်ကာလအထိ ဆင်းရဲ မွဲတေပြီးမှ ဖွံ့ဖြိုးမှု နှိမ့်ကျနေတာမျိုး ကျွန်တော်တို့ လက်ထက်မှာ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ပါ၀င်ပတ်သက်တဲ့ မိတ်ဖက်နိုင်ငံများ အိမ်နီးချင်းနိုင်ငံများရဲ့အားနဲ့ ကျွန်တော်တို့ ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်အရ ပေါ်ထွန်းလာမယ့် လုပ်ပိုင်ခွင့် အပြည့်အဝနဲ့ အတူ ဆောင်ရွက်လိုတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ကျွန်တော်တို့ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို အားပေး လမ်းညွှန်ရာ ရောက်တဲ့အပြင် အထူးသဖြင့် တရုတ်ပြည်သူနဲ့ ရခိုင်ပြည်သူ ရင်းနှီး ချစ်ကြည်မှု တစ်ခုကို တည်ဆောက် နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ အထူးဒီဘက်မှာလည်း လုပ်တဲ့ လုပ်ငန်းတွေမှာလည်း ESR ( Environmental Survey Research) အားနည်းတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ ဒါလေးတွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီဘက်ကလဲဘဲ သက်ဆိုင်ရာသူတို့ရဲ့ အဖွဲ့အစည်းတွေကို စီးပွားရေး အဖွဲ့အစည်းတွေကို လိုအပ်သလို လမ်းညွှန်မှု ပေးခြင်းအားဖြင့် လူထုနဲ့ ဆက်ဆံရေးကြားမှာ  မပြေလည်တာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။

meeting in china

မေး- ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေကိုကော ဘာပြောကြားချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားချင်း နိုင်ငံဆိုတာမျိုးက သဘာဝက ပေးထားတဲ့ မိတ်ဖက်တွေပါ။ သဘာဝက ပေးတဲ့၊ ပေးနေတဲ့ လုံးဝ ခွဲထွက်လို့ မရတဲ့ မိတ်ဖက်တွေကို ကျွန်တော်တို့က မိတ်ဆွေကောင်းဖြစ်အောင် ပြောင်းလဲနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ရန်ဘက် အဖြစ် ကျွန်တော်တို့ လူထုနဲ့ မဆက်ဆံလိုပါ။ မိတ်ဖက်အားကို ယူပြီးမှ သူ့နိုင်ငံ ကိုယ့်ဒေသ ဖွံ့ဖြိုးမှု တန်းတူတခု မဟုတ်ရင်တောင်မှ ဖွံ့ဖြိုးမှု တစ်စုံတစ်ခုအတိုင်းအတာထိ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုပြီး ခိုင်မာအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေမှာ အင်မတန် တာဝန်ကြီးကြီးမားမားရှိတယ်လို့ ခံယူပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည် သူများအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း တစ်ခုကို ရောက်နိုင်အောင် ကျွန်တော်တို့ စူစမ်းရှာဖွေမှုများဟာ စဉ်ဆက်မပြတ် လုပ်သွားသင့်တယ်ဆိုတဲ့ အတွေးအခေါ် တစ်ခုရှိရလိမ့်မယ်လို့ တင်ပြချင်ပါတယ်။

မေး- နောက်တစ်ခု ဆက်မေးချင်တာက တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကိုပဲ ထည့်ပြောသွားတယ်။ အနီးကပ်ဆုံး တည်ရှိနေတဲ့ ဘင်္ဂလာဒေချ့်နိုင်ငံနဲ့ကော အဲသလို နိုင်ငံရေးအရ၊ စီးပွားရေးအရ  ဆက်သွယ် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါသလား။

ဖြေ- ကျွန်တော်တို့ တည်ရှိမှုအရ နယ်မြေအရ ဆက်စပ်မှုရှိတဲ့ အခါမှာ နှစ်ဘက် ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ ညှိနှိုင်းအပ်တဲ့ တိုင်းပြည်ထဲမှာ ဘင်္ဂလာဒေချ့်လည်း ပါ၀င်ပါတယ်။ နှစ်နိုင်ငံ ပြည်သူများရဲ့ အကျိုးကို ရှေ့ရှုပြီးမှ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖြစ်အောင် ဖော်ဆောင်ဖို့က နှစ်နိုင်ငံ အစိုးရမှာ တာဝန်ရှိပါတယ်။ ဆက်စပ်တဲ့ နိုင်ငံရေး ပါတီတွေ အားလုံးမှာလည်း တာဝန်ရှိပါတယ်။

မေး- ဥက္ကဋ္ဌနဲ့အတူ သွားခဲ့တဲ့ ကိုယ်စားလှယ်တွေက ဘယ်သူတွေပါ၀င်ပါသလဲ။

ဖြေ- ဒုတိယ ဥက္ကဌ ဦးဖိုးမင်း၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ဘဏ္ဍာရေးမှူး ဦးစံကျော်လှတို့ ပါ၀င်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...