တောင်သူများကို တပ်မှ တရားစွဲဆိုသည့်အမှု အပြီးသတ် အမိန့်ချတော့မည်

တောင်သူများကို တပ်မှ တရားစွဲဆိုသည့်အမှု အပြီးသတ် အမိန့်ချတော့မည်
by -
မဇ္ဈိမ
တောင်သူများကို  ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်က တရားစွဲဆိုသည့် အမှုကို ဧပြီလ ၂၇ ရက်တွင် အပြီးသတ်အမိန့် ချမှတ်မည်ဟု တရားစွဲဆိုခံရသည့် တောင်သူများအနက် တစ်ဦးဖြစ်သည့်  ဦးသဲရယ်က မဇ္စျိမကို ပြောသည်။

သိမ်းဆည်းခံခဲ့ရသည့် ဘိုးဘွားပိုင် လယ်ယာမြေပေါ်တွင် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က လူအင်အား  ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခဲ့သည့်အတွက် ဦးဆောင်သူ တောင်သူ ငါးဦးကို  ပိုင်နက်ကျူးလွန်မှုဖြင့် ခမရ ၅၃၁ စစ်တပ်က ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အပြီးသတ် အမိန့်ချမှတ်မည့်ရက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၄ရက်ဟု သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရက်ချိန်းကို ရွေ့လာခဲ့ရမှာ ဧပြီလ ၂၇ တွင် အပြီးသတ် အမိန့်ချမှတ်ရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

"တရားသူကြီးက အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ခဲ့မယ်ဆိုရင် အယူခံဝင်မှာပါ။ အမှုမှန် ပေါ်ပေါက်တဲ့အထိ  အယူခံ ဆက်ဝင်မှာပါ"ဟု ဦးသဲရယ်က ပြောသည်။ ယင်းအမှုနှင့်ပတ်သက်၍ ရုံးချိန်း ၂၅  ချိန်းခန့် တက်ရောက်ပြီးဖြစ်သည်ဟုလည်း ပြောသည်။

လယ်သမား ၁၀၉ ယောက် ပိုင်ဆိုင်သည့် လယ် ၁၂၈၉ ဧကကို ၁၉၉၃ခုနှစ်တွင် ခမရ (၅၃၁) စစ်တပ်က သိမ်းယူထားခြင်း ဖြစ်သည်ဟု တောင်သူများက ဆိုသည်။

တရားစွဲဆိုခံရသူများတွင် ပါ၀င်သည့်  ဦးတူရယ်က “တရားမျှတမှုက လယ်တွေ အသိမ်းခံရစဉ်ကတည်းက မရှိတာပါ။ အကူအညီ တောင်းခံထားတာတွေ ရှိပေမယ့် ထိရောက်တဲ့ ကူညီမှု တစ်စုံတစ်ရာမရှိပါဘူး" ဟု ပြောသည်။

လယ်သိမ်းခံ တောင်သူများက ဘိုးဘွားပိုင်သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရန် ၂၀၁၄ ခုနှစ် မေလ ၂၀ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ ဖြေရှင်းပေးရန် အကူအညီတောင်းခံစာများပေးပို့ခြင်း၊ မေ ၂၅ ရက်တွင် လူဦးရေ ၄၀၀ ခန့်ဖြင့် လယ်ယာမြေ ပြန်လည်ရရှိရန် ဘာသာရေးအရ ၀တ်ပြုဆုတောင်းခြင်း၊ မေ ၂၇ ရက်တွင် လူအင်အား ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခြင်းတို့ လုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိဟု တောင်သူများက ဆိုသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံရမှုအပေါ်ကို ဆိုလျားကူးကျေးရွာရှိ လယ်သိမ်းခံရသော တောင်သူ ၂၀၀ ခန့်က ယင်းတို့ကိုပါ အတူတူ တရားစွဲဆိုရန် ပြီးခဲ့သည့်နှစ် ဇွန် ၂၅ ရက် ရက်စွဲဖြင့် ကယားပြည်နယ် ၀န်ကြီးချုပ်ရုံးသို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ဖူးသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...