ဖွံ့ဖြိုးရေးကွန်ယက် ကိုယ်စားလှယ်တစ်ယောက် “မှတ်ပုံတင်မရှိဘူး သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ ကျနော်တို့လည်း ရစေချင်တယ်။ လဝကတွေကလည်း ကားလမ်းပေါက်တဲ့အထိပဲသွားတယ်။ ဘယ်သူဘယ်ဝါ မှတ်ပုံတင်ရဖို့ အဓိက၊ မဲထည့်ချင်လည်းမထည့်ရ အခွင့်အရေးများကြီး ဆုံးရှုံးတယ်။ ငြိမ်းချမ်းရေးမရသေးလို့ ဆိုပြီး ဒါတွေပဲပြောတယ်” ဟု ပြောကြားသွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မော်ချီးဒေသရှိ ကျေးရွာအုပ်စုအများစုသည် အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပြီး မဲထည့်ခွင့်မရရှိခဲ့သည့်အတွက် ရွေးကောက်တင်မြောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူအများစုက မသိရှိခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြုစုထားပြီးဖြစ်သော်လည်း ယခုချိန်ထိ ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်ရှိ ကျေးရွာအများစုတွင် နိုင်ငံသားမှတ်ပုံတင်ပင် မရှိသေးသူ များစွာကျန်နေသေးကြောင်း မော်ချီးဒေသမှ မလူဒီးက ပြောသည်။
“အဲဒီလူတွေ မှတ်ပုံတင်စာရင်းမဝင်ဘူးဆိုရင် ကျန်ခဲ့နိုင်ပါတယ်။ အမဲနယ်မြေအဖြစ်သတ်မှတ်ပြီး မလာခဲ့တာလားပေါ့” ဟု မလူဒီးက ပြောသည်။
အိမ်ထောင်စုစာရင်းမရှိသူများသည် မှတ်ပုံတင်ပြုလုပ်ရန် ထောက်ခံချက်အဆင့်ဆင့်လိုက်ရသည့်အတွက် သက်ဆိုင်ရာ ဌာနများထံသို့ယူသည့်အခါ အခက်အခဲရှိနေကြသည်ဟု ပြောသည်။
မော်ချီးဒေသဖွံ့ဖြိုးရေးကွန်ယက်မှ အဖွဲ့ဝင်ကိုယ်စာလှယ် တစ်ဦးက မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ထိုကိစ္စကို တင်ပြခဲ့သည်။
သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနမှ မှတ်ပုံတင်များလိုက်လံဆောင်ရွက်ပေးရာတွင် ဝေးလံခေါင်ပါးသည့် ကျေးရွာများထံသို့ သွားလာရေးခက်ခဲသည့်အတွက် ယခုကဲ့သို့ ကြန့်ကြာသွားရခြင်းဖြစ်ကြောင်း ယခုထပ်မံပြီး မှတ်ပုံတင် ပြုလုပ်ပြီးပါက ပြည်နယ်အစိုးရထံ ပြန်လည်တင်ပြရမည်ဖြစ်သည်ဟု လွိုင်ကော်ခရိုင် ဒုညွန်ကြားရေးမှူး ဦးသိန်းမင်းက ပြောသည်။
“အဲဒီလိုပဲပြောရမှာပဲ သွားမလုပ်ပေးတာတော့မဟုတ်ဘူး။ လုပ်တယ်သူတို့ဘက်ကလည်း လာလုပ်ဖို့လိုတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ထပ်သွားလုပ်ပေးတော့မှာပါ” ဟု ဦးသိန်းမင်းက ပြောသည်။
ပြည်သူများ၏ လိုအင်ဆန္ဒဖြည့်ဆည်းရန် လေးလအတွင်း မိုးပွင့်အဆင့်(၇)ဖြင့် ကွင်းဆင်းရာတွင် ကယားပြည်နယ်တွင် ၃၈၀၉၆ ယောက်ကို နိုင်ငံရေးစိစစ်ရေးကဒ်ပြားခေါ် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း၊ ကွင်းဆင်းရာတွင် မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးကို မသိသောကြောင့် လာမလုပ်သည့် ပြည်သူများ ကျန်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
“ဇူလိုင်လ ၃၀ မှာ တစ်နိုင်ငံလုံးမှတ်ပုံတင်မရှိ (မရှိသူ မရှိစေရ) စီမံချက်နဲ့ဆောင်ရွက်နေတယ်။ သွားလို့ရတဲ့ နေရာမှာသွားတယ် သွားလို့မရတဲ့နေရာမှာ တနေရာစုပြီးလုပ်မယ်။ လုပ်စေချင်တဲ့နေရာကို ကျနော်တို့ကိုပေးပို့ပါ” ဟု ပြောသည်။
လာမည့်ဇူလိုင်လ ၃၁ ရက်နေ့တွင် မိုးပွင့်အထူးစီမံချက်ဖြင့် ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်ဘက်တွင် မှတ်ပုံတင်မရှိသေးသည့် ၁၈ နှစ်ပြည့်သူများကို ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ပြည်သူများ၏ အခက်အခဲများကို ပြန်လည်ဖြေရှင်းရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်းကို အကြောင်းကြားထားပြီဖြစ်ကြောင်း၊ ကျန်ခဲ့သည့် မော်ချီးဒေသတွင် သက်ဆိုင်ရာဌာနများက ပြန်လည်မပြုလုပ်ပေးပါက ဒေသခံများ တိုင်ကြားနိုင်ကြောင်း ဦးခင်ရီက ဆက်ပြောသည်။







