အခြေခံဥပဒေကို လွှတ်တော်က အချိန်မီ မပြင်နိုင်လျှင် ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်စု ပြော

အခြေခံဥပဒေကို လွှတ်တော်က အချိန်မီ မပြင်နိုင်လျှင် ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်စု ပြော
by -
မဇ္ဈိမ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်က လျာထားချက်များအတိုင်း အချိန်မီ မပြင်နိုင်လျှင်  ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးတည်ရှိရာ လွှတ်တော်ရေးရာ အိုင်အဆောင် (၁၂)တွင် ဧပြီလ ၉ ရက်နေ့ ညနေ မီဒီယာများနှင့်တွေ ့ဆုံစဉ် မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့သည်။

“တကယ်ဆိုရင်တော့ သိတဲ့အတိုင်းပဲ အန်တီတို့ ကိုယ်စားလှယ်တွေက လူနည်းစုလေ။ လူနည်းစုဆိုတော့ လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့ အတိုင်းအတာက အင်မတန် အကန့်အသတ် ရှိပါတယ်။ နာယကကြီးက တင်မယ် ဆိုရင်တော့ နာယကကြီးတို့အဖွဲ့တွေက အများကြီးပိုပြီး အားရှိပါတယ်။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက လူများစုလေ။ ဒါကတော့ နာယကကြီးအနေနဲ့ အခြေအနေကို သုံးသပ်ပြီး ပြောတဲ့ကိစ္စပေါ့။ အန်တီတို့အနေနဲ့ကတော့ ကိုယ့်ဘာကိုယ် ပြင်ဆင်တာပေါ့။ နိုင်ငံရေးဆိုတာ လွှတ်တော်အတွင်းမှာပဲ ရှိတာ မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပနိုင်ငံရေးလည်း ရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ပြင်ပ နိုင်ငံရေးရော လွှတ်တော်အတွင်း နိုင်ငံရေးရော နှစ်ခုလုံးကို လုပ်နေတာပါ။ တစ်ခြားအဖွဲ့တွေလည်း နှစ်ခုလုံး လုပ်နေတာပါ၊ ဒါပေမယ့် ပြောရမယ်ဆိုရင် အထူးသဖြင့် အဖွဲ့ချုပ်က လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်ခဲ့တာလည်း ကြာပြီ။ တော်တော်လည်း ၀ါရင့်ခဲ့ပြီ။ နောက်ပြီးတော့ အဖွဲ့ချုပ်ရဲ အဓိက အင်အားက ပြည်သူလူထုပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပြည်သူလူထုရဲ့ အင်အားကိုပဲ အားကိုးတယ်” ဟု သူမက ဖြေကြားခဲ့သည်။

ကျင်းပနေဆဲ ၁၂ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မည်၊ သို ့မှသာ မေလတွင် ပုဒ်မ ၄၃၆ ပါ ဥပဒေများအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်မည်ဟု လွှတ်တော် နာယက သူရဦးရွှေမန်း ကတိပြုထားသော်လည်း လက်ရှိ အစည်းအဝေး ပြီးဆုံးခါနီးသည်အထိ အစပင် မပျိုးနိုင်သောကြောင့် အချိန်မီ မပြီးပါက မည်သို ့တွန်းအားပေးဆောင် ရွက်မည်နည်းဟု မေးသည်ကို ဒေါ်စုက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၀ ရက်နေ့လည်တွင် သမ္မတအိမ်တော်၌ တွေ ့ဆုံကြမည့် ခြောက်ပွင့်ဆိုင် အစည်းအဝေးသည် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် အားကောင်းသော အထောက်အပံ့ ဖြစ်လာမည်လားဟု ဆက်မေးသည့်အခါ သူမက “ပထမဆုံး တွေ့ဆုံပွဲဆိုတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ ပြောရတာ အင်မတန်ခက်ပါတယ်။ တော်ကြာ လက်ဖက်ရည်သောက်တာနဲ့ပဲ အချိန်ကုန်ရင်လည်း ကုန်သွားမှာပေါ့” ဟု အရွှန်းဖောက်ကာ ဖြေကြားခဲ့သည်။

သို့ရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲအပေါ် သူမက  “ဒါဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်ပါ။ ကျွန်မ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ၂၀၁၃ခုနှစ်ပေါ့ ၂နှစ်ကျော်ကျော်ကတည်းက တောင်းထားတာ လေးပွင့်ဆိုင်ပါ။ ခြောက်ပွင့်ဆိုင်မှာ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ တိုင်းရင်းသားတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်လည်း ပါတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ သဘောတူပါတယ်။ ဒါကန့်ကွက်စရာမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့အဆိုပြုချက်ကိုသမ္မတက စတင် လက်ခံတွေ့ဆုံတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံ့အတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်ကိုရနိုင်ဖို့ ဒါကသာ အရေးကြီတာပါ” ဟု ဖြေကြားခဲ့သည်။

အဆိုပါ ခြောက်ပွင့်ဆိုင်တွင် မည်သည့်အချက်များကို ဆွေးနွေးမလဲ၊ ဘယ်လို မျှော်လင့်ထားသလဲ ဟု မီဒီယာတစ်ဦးက မေးသည်ကို သူမက “တွေ့ဆုံပွဲတွေက စတောင်မစရသေးဘူး။ အဲ့တော့ တွေ့ဆုံပွဲတွေမှာ ဘာတွေပြောမလဲ၊ ဘာတွေဘယ်လိုဘယ်အထိရောက် မယ်ဆိုတာကို ခုပြောဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြောရင်လည်း ခန့်မှန်းခြေပဲဖြစ်မှာပါ” ဟု ဖြေကြားခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲ တဖြည်ဖြည်းနီးလာချိန်တွင် ရွေးကောက်ပွဲအပေါ် မီဒီယာများ၏ စိတ်ဝင်စားမှုက လုံလောက်ရဲ့လား ဆိုသည်ကိုလည်း ကိုယ်တိုင် သုံးသပ်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ရင် ပါတီများ၏ လှုပ်ရှားမှုကိုကြည့်ရုံနှင့် မပြီးဘဲ အုပ်ချုပ်ရေးအဖွဲ ့၏ လှုပ်ရှားမှု ကိုလည်း ကြည့်ရမှာဖြစ်ကြောင်း သူမက ထောက်ပြခဲ့သည်။

“သက်ဆိုင်ရာအဖွဲ့တွေရဲ့ ဆောင်ရွက်မှုက မျှမျှတတရှိရဲ့လား ရွေးကောက်ပွဲ ပါတီတွေက ဥပဒေအရ မှန်မှန်ကန်ကန်လုပ်နေရဲ့  လား ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က မျှမျှတတရှိရဲ့လား မှန်မှန်ကန်ကန်လုပ်ရဲ့လား၊ အုပ်ချုပ်ရေးဆိုင်ရာက မျှမျှတတရှိရဲ့လား၊ မှန်မှန်ကန်ကန်လုပ်ရဲ့လား၊ ပြည်သူလူထုတွေ မှန်ကန်တဲ့ သတင်းကို ပြည့်ပြည့်ဝဝရအောင်လို့ မီဒီယာတွေက မှန်မှန်ကန်ကန် လုပ်နေရဲ့လား ပြည့်ပြည့်စုံစုံတာဝန်ကျေရဲ့လား အဲ့ဒါတွေကိုသုံးသပ်ရမှာဖြစ်ပါတယ်” ဟုလည်း သူမက လမ်းညွှန်ပြောကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...