ဧပြီလ ၅ ရက်က နံနက် ၈ နာရီမှ ညနေ ၅ နာရီချိန်ထိ မိုးညှင်းမြို့နယ် KIA တပ်ရင်း ၁၁ တပ်နယ်မြေ မိုးကောင်းချောင်း တလျှောက်သို့ အစိုးရ စစ်တပ်တို့ ထိုးစစ်ဆင်လာသဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။
“မနေ့က မနက် ၈ နာရီကနေ ညနေထိ ရင်ဆိုင်တိုက်ပွဲ ငါးကြိမ်ဖြစ်တယ်။ မလိခချောင်းဘေး မိုးကောင်းချောင်း တလျှောက်မှာ ဖြစ်တယ်။ ကျနော်တို့ နေနေတဲ့နေရာဘက်ကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ။ ဒီဘက်မှာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းသဘောတူပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တာဘဲ”ဟု သူက ပြောသည်။
ထိုတိုက်ပွဲတွင် အစိုးရဘက်မှ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ လူနာ ၈ ဦးတို့မှာ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆေးရုံသို့ရောက်ရှိသည်ဟု သတင်းရရှိသည်ဟု သူကပြောသည်။ KIA ဘက်ကမူ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှု မရှိကြောင်း သူက ဆိုသည်။
လက်နက်ဖျတ်သိမ်းရေး အပါအဝင် တပ်မတော်၏ မူ ၆ ချက် ပါဝင်နေသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်နှင့် ကိုက်ညီမှု မရှိကြောင်း ဗိုလ်မှူး တန်ဆိုင်း ကပြောသည်။
“အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် မြင့်စိုးပြောတာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းက တပ်မတော် မူ ၆ ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မကိုက်ဘူး”ဟု သူက ပြောသည်။
အလားတူ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် KIA ၏ တပ်ရင်း ၆ နယ်မြေအနီး လက်ရှိအောင်ဘာလေ ၊ ကင်စီ စသည့်ကျေးရွာ များတွင် အစိုးရ စစ်တပ်၏ တပ်ရင်း ၂၆၀ နှင့် ၄၂၆ တပ်ရင်းများ လှုပ်ရှားလာ သဖြင့်နှစ်ဖက် သတိနှင့်စောင့်ကြည့်နေ ရသည်ဟု ဗိုလ် မှူး တန်ဆိုင်း ကပြောသည်။
“ဒီဖားကန့်ဘက် မှာလည်း လှုပ်ရှားနေ တာပဲ။ တပတ်လောက်ရှိပြီ ကျွန်တော် တို့နေနေတဲ့ အနီးအောင် ဘာလေ။ ကင်စီတွေမှာရှိတယ်။ လှုပ်ရှားနေတယ်။ ဝင်လာရင်တော့ တိုက်ပွဲပြန်ဖြစ်မှာပဲ”ဟု သူ ကပြောသည်။
မတ်လ ၃၁ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါ အချက်များ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်တိုင်း KIA ၊ ကိုးကန့်၊ တအာင်းတပ်တို့နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု တည်ငြိမ်ခဲ့ရာမှ ဧပြီ ၅ရက်က KIA တပ်နှင့် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။







