“တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အကုန်ပါ၀င်မယ့် ဆွေးနွေးပွဲပါ။ ပဏာမ သဘောတူထားတဲ့ NCA စာချုပ်ကို လက််မှတ်ထိုးမယ့် ကိစ္စကို ကြိုတင်ဆွေးနွေးတာပါ။ တိုင်းရင်းသားတွေ ဘယ်လိုသဘောထားလဲဆိုတဲ့ အချက်ကိုပါ” ဟု တာဝံရ်ချိူဝ်းက ပြောသည်။
ဆွေးနွေးပွဲကို သေချာပေါက် လုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များ ထွက်ပေါ်လာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့နှင့် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်ဟု သူကဆိုသည်။
အစည်းအဝေးသို့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ ရှစ်ဦး၊ ရခိုင် အမျိုးသား တပ်မတော် AA၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အားလုံးကို ဖိတ်ကြားသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်တွင်းစစ်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး NCA လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည့်အချိန်တွင် အစိုးရတပ်ဘက် က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းတို့ကို မလုပ်သင့်ဟု တာဝံရ်ချိူဝ်းက ဆက်လက်ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို မူကြမ်းကို မတ်လ ၃၁ ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သည်။







