ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး
by -
မဇ္ဈိမ
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

နည်းလမ်းများအဖြစ် မဲရုံဖွင့်ရက်တွင် ကြိုတင်မဲပေးသွင်းသူစာရင်းကို မဲရုံများတွင် ကပ်ထားပေးမည်ဖြစ်ပြီး မဲရေတွက်ချိန်မှသာ ကြိုတင်မဲပေးသူများကို ထည့်သွင်းရေးတွက်မည်ဖြစ်သည်။ ကြိုတင်မဲပေးကောက်ယူမှုကိုလည်း ပြည်တွင်းပြည်ပ လေ့ လာသူများ လေ့လာခွင့်ရမည်ဟု သူက ဆိုသည်။

"ကြိုတင်မဲကို သတ်မှတ်တဲ့ရက်မှာ မဲရေခိုင်းမယ် မဲရေပြီးရင် ကြိုတင်မဲ ဘယ်သူ့ကိုပေးထားတယ်။ ဘယ်နှစ်စောင်ပေးထားတယ် ဖတ်ပေးမယ်" ဟု ဒေါ်မြင့်ကြည်က ဆိုသည်။ ကြိုတင်မဲလက်မှတ်များနှင့် ကြိုတင်မဲပေးထားသူ စာရင်းကို မဲရုံမှူးများကို အပ်ထားကာ မဲရုံပိတ်ချိန်တွင် ကြိုတင်မဲများနှင့် ပုံမှန်မဲများကို လေ့လာသူများ ရှေ့တွင် ရေတွက်မည်ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ လေ့လာလိုသူများသည် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည်ဖြစ်သည်။ လေ့လာသူ လျှောက်ထားမှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုမူ ရွေးကောက်ပွဲ နီးလာချိန်တွင် ကြေညာပေးမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်မထားဟုလည်း ဒေါ်မြင့်ကြည်က ပြောသည်။

နိုင်ငံရေးပါတီများနှင့် မီဒီယာဆွေးနွေးပွဲကို မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ အဆိုပါ ဆွေးနွေးပွဲတွင် မီဒီယာများနှင့်ပတ်သက်၍ Centre for Law and Democracy မှ Toby Mendel က ရွေးကောက်ပွဲ သတင်းများ ဖေါ်ပြရာတွင် ပါတီအစုံ၏ သတင်းများကို ပြည်သူလူထု သိရှိရန် ဖေါ်ပြပေးသင့်ကြောင်းလည်း တိုက်တွန်းသည်။

လက်ရှိတွင် မဲစာရင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ၁၀ မြို့နယ်ရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် မဲဆန္ဒရှင် စာရင်းများကို မတ်လ ၃၁ရက်မှ စတင်ကာ ထုတ်ပြန်နေပြီဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရာတွင် မသမာမှုများ ရှိခဲ့သည်ဟု ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်ခဲ့သည်။ အလားတူပင် မဲစားရင်းများတွင်လည်း နာမည်များ ထပ်နေခြင်း၊ သေဆုံးပြီးသူများ ပါဝင်နေခြင်း ကဲ့သို့သော မှားယွင်းမှုများ ရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...