တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် သဘောတူ ပြီးသော်လည်း ကိုးကန့်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေ

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် သဘောတူ ပြီးသော်လည်း ကိုးကန့်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေ
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့့နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘောတူညီမှု ရရှိကြသော်လည်း ကိုးကန့်ဒေသတွင်မူ အစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (MNDAA)  တို့အကြား နေ့စဉ် တိုက်ပွဲပြင်း ထန်နေသည်ဟု ကိုးကန့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကပြောသည်။

လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် ခုတ်ထန်ဒေသ ပတ်ဝန်းကျင်တွင် မတ်လ၂၇ရက်မှ ဧပြီ ၂ရက်ထိ နေ့စဉ် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြေပြင်စစ်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“နေ့တိုင်းရှိပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ထပ်မကြားသေးဘူး။ မနေ့ကထိတော့ မနက်ကတည်းကနေ ဒီနေ့မနက် ၈ နာရီလောက်ကနေ သန်းခေါင်ကျော် ၃နာရီထိ တိုက်ပွဲဖြစ်တယ်။ အစိုးရ စစ်တပ်က လက်နက်ကြီးနဲ့အရင် ပစ်တယ်။ ပစ်ပြီးတော့မြေပြင်က ကြည်းတပ်တွေ ထိုးပေါ့။ ဒီနေ့  တိုက်ပွဲ သတင်းတော့ မကြားရသေးဘူး”ဟု သူက မဇ္စျွိမ ကိုပြောသည်။ ယခုရက်ပိုင်းက တိုက်ပွဲများတွင် MNDAA ဘက်မှ ရဲဘော် ၄ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သူကပြောသည်။

အစိုးရ စစ်တပ်က စစ်အင်အားတိုးမြှင့်မှုများ ရှိနေဆဲဖြစ်ပြီး ဟိုပန်၊ ချင်းရွှေဟော်နှင့် လောက်ကိုင်ဘက်တို့မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်ကို ရာနှင့်ချီ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းမြတ်လင်းကပြောသည်။

မတ်လ ၂၄ မှ ၂၆ ရက်ထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ယင်းနောက် မတ်လ ၂၇ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်ဟု သူကပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု  ငြိမ်းချမ်းရေးဖော်ဆောင်ရေး   လုပ်ငန်းကော်မတီ  (UPWC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းပါ အချက်များအားလုံး သဘောတူညီမှုကို မတ်လ ၃၀ရက်က ရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်မှစတင်၍ MNDAA နှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တပ်မတော်ဖက်မှ အရာရှိ၊ တပ်သား စုစုပေါင်း ၁၀၀ကျော် ကျဆုံးခဲ့ပြီးဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...