ဧပြီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်များနှင့် NNER တို့၏ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်ဖြစ်သော "လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်ပိုင်လေ့လာ သင်ယူနိုင်သည့် သင်ကြားနစ်စနစ်များ" မရှိတော့ဘဲ အသင့်ရေးထားသည့် စာများကိုသာ အလွတ်ကျက်၊ အလွတ်ဖြေရသည့် စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးထားခြင်းကြောင့် အရည်အသွေးမရှိသည့် ပညာရေးကိုပေးရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခြင်းဟု NNER က ဆိုသည်။
အလားတူပင် ပညာရေး အသုံးစရိတ် တိုးမြှင်ပေးစေလိုသည့်ဆန္ဒ အမျိုးသားလွှတ်တော်တွင် မရှိဟုလည်း NNER ကြေညာချက် ကဆိုသည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို သုံးစွဲရန် သဘောတူခဲ့သော်လည်း အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်တွင် "ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲရန် ရည်မှန်း ဆောင်ရွက်မည်" ဟု ပြောင်းလဲထားသည်ဟု NNER ထုတ်ပြန်ချက်တွင် ပါရှိသည်။
မသန်စွမ်း ကလေးများ အပါအဝင်၊ ကလေးများအားလုံး ပညာသင်ယူနိုင်ရေးတွင် လူတိုင်းအကျံုးဝင်ပညာရေးကို NNER က လိုလားလျက် ရှိသော်လည်း အမျိုးသားလွှတ်တော်သည် "အထူးပညာရေး အစီအစဉ်" ကို ရေးဆွဲလျက် သင်ကြားပေးမည် ဆိုခြင်းကြောင့် လူတိုင်းအကျံုးဝင် ပညာရေး အယူအဆနှင့် လွဲချော်နေသည်ဟုဆိုသည်။ ထို့အပြင် အထူးကျောင်းများနှင့် အခြား ဘာသာရေးအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားခြင်းကြောင့် ယခု ပြင်ဆင်ထားသည်ဥပဒေသည် "ခွဲခြား ဆက်ဆံသော ပညာရေး ဥပဒေ" ဟုလည်း NNER က ဆိုသည်။
အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များသည် ကျောင်းသားများနှင့် ဆရာများ၏ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ရာရောက်သည်ဟု NNER က ဆိုထားပြီး လေးပွင့်ဆိုင် ဆွေးနွေးပွဲ၏ ရလဒ်များအပေါ် ရပ်တည်ခြင်းမရှိဟုလည်းဆိုသည်။ NNER ၏ ထုတ်ပြန်ချက်တွင် အပိုဒ်ပေါင်း ၆ ပိုဒ်ပါဝင်ပြီး အပိုဒ်ခွဲပေါင်း ၆ ပိုဒ်ပါဝင်သည်။







