တပ်မတော်မှ ချမှတ်ထားသည့် မူဝါဒ ၆ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ လိုက်နာနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေး ရရှိမည်ဟု ဆိုသော်လည်း တိုင်းရင်းသားဘက်မှလည်း ထိုသဘောတူညီချက် ၆ ချက်ကို လိုက်နာရန် မဖြစ်နိုင်ကြောင်း မတ်လ ၃၁ရက်နေ့ NCA မူကြမ်း လက်မှတ်ထိုးသောနေ့တွင် မြန်မာ့တပ်မတော် ခေါင်းဆောင်နှင့် NCCT ခေါင်းဆောင်တို့က ပြောကြားခဲ့သည်။
ကာကွယ်ရေးဦးစီချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက “ဒါက ကျွန်တော်တို့ ရပ်တည်ချက်ပါ၊ ဒီရပ်တည်ချက်ပေါ်မှာ ဒီကနေ့ NCA ဆွေးနွေးတဲ့ အပိုင်းမှာလည်းပဲ တချို့ဟာတွေ ပါဝင်ပါတယ်၊ ဒါက သဘောထားချက်တွေပဲဖြစ်တဲ့အတွက် အသေးစိတ် ဆွေးနွေးတဲ့ အထဲမှာ မပါပါဘူး၊ ကျွန်တော်တို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ သဘောထား ထုတ်ပြန်ချက် ၆ ချက်ကို လိုက်နာနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်” ဟုပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များမှ ထိုသဘောတူညီချက်များကို လက်ခံမည်ဆိုပါက ဆက်ဆွေးနွေးဖို့ပင် မလိုတော့ကြောင်း နိုင်ငံရေးအရ လက်နက်ချလိုက်ပြီဆိုသည့် သဘောမျိူးဖြစ်နေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
“ဒီ ၆ ချက်ဟာ စာချုပ်မူကြမ်းထဲမှာ မပါတဲ့အတွက် ကျွန်တော်တို့က အထူးပြောစရာ မရှိပါဘူး၊ အဲဒါကိုလည်း တိုင်းရင်းသားတွေ ဘက်က လက်ခံထားတာမရှိပါဘူး”ဟု နိုင်ဟံသာက ဆက်ပြောသည်။
ထိုမူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကိုလက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါ လုပ်ဆောင်ရန်တို့ ဖြစ်သည်။
ထိုကဲ့သို့ ပြေလည်မှု မရသေးသည် မူဝါဒ ၆ ချက်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် အဖြေထွက်မည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မူကြမ်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့သည် မတ်လ ၃၁ရက်နေ့တွင် သမ္မတရှေ့၌ ပဏာမ သဘောတူ လက်မှတ်ထိုးခဲ့ခြင်းကို ကုလသမဂ္ဂနှင့် အမေရိကန်တို့က ကြိုဆိုခဲ့သည်။







