NCCT နှင့် UPWC တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ်ရေးထိုး

NCCT နှင့် UPWC တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ်ရေးထိုး
by -
မွန်အေဂျင်စီ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရေးဆွဲနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်း (NCA) ကို မတ်လ ၃၁ရက်နေ့တွင် ရေးဆွဲပြီးစီပြီးကြောင်း လက်မှတ်ရေးထိုးမှု တစ်ရပ်ကို ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရဘက်မှ အပြည့်အဝ လက်ခံမှု ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တို့၏ ထိပ်သီးအစည်းအဝေးပွဲတွင် တင်ပြရဦးမည်ဖြစ်ကြောင်း NCCT ခေါင်းဆောင်များ ကပြောသည်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “တစ်ဖက်ကလည်း အထက်ကိုတင်မယ် ကျွန်တော်တို့ဘက်ကလည်း အထက်ကိုတင်မယ်၊ ဒီလို လက်မှတ်ထိုးထားတဲ့ အပေါ်မှာ တစ်ဖက်ဖက်က ဖောက်ဖျက်ရင် ငြိမ်းချမ်ရေးက ပျက်ယုံဘဲရှိမှာပါ၊ ထိပ်သီးအစည်းအဝေးပွဲမှလည်း ဒီမူကြမ်းကို ပြင်ဖို့ အလားအလာရှိကောင်းရှိမယ်၊ ဘယ်အချက်တွေလဲတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ထို့အပြင် NCCT ၏ ထိပ်သီးဆွေးနွေးပွဲတွင် အဖွဲ့ဝင် ၁၂ဖွဲ့အပြင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့တို့ကိုလည်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး NCA လက်မှတ်ထိုးရာတွင် အားလုံး ပါဝင်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း နိုင်ဟံသာ က ဆက်ပြောသည်။

သို့သော် ဦးအောင်မင်း ဦးဆောင်သော UPWC အဖွဲ့သည် ၎င်းတို့ ဆွေးနွေးနေသည့် NCCT အဖွဲ့ဝင် ၁၂ဖွဲ့နှင့် အခြားအဖွဲ့ ၄ ဖွဲ့တို့နှင့် စောလျှင်စွာ လက်မှတ်ထိုးမည်ဖြစ်ကြောင်း UPWC ၏ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောသည်။

“ကျွန်တော်တို့ဘက်က အားလုံလက်ခံပြီးသားပါ၊ တစ်ဖက်ကလည်း အားလုံးလက်ခံမယ်လို့ မျှော်လင့်ပါတယ်၊ ဒီလိုလက်ခံရင်တော့ လက်မှတ်ထိုးမယ့်ရက်ကိုပဲ သက်မှတ်ရမှာပါ၊ ကျွန်တော်တို့ ပထမ အဆင့်အနေနဲ့ အဖွဲ့ ၁၆ဖွဲ့နဲ့ပဲ လက်မှတ်ထိုးမှာပါ၊ ကျန်တဲ့ အဖွဲ့တွေ ထပ်တိုးလာလို့ ကျွန်တော်တို့ ထပ်ဆွေးနွေးရင် ဒီအစိုးရ လက်ထက်မှာ မမှီနိုင်တော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ၁၆ ဖွဲ့နဲ့ဘဲ လက်မှတ်ထိုးဖို့ လုပ်ဆောင်မှာပါ” ဟု ဦးအောင်မင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို NCCT ဘက်မှ ဦးအောင်မင်းဦးဆောင်သည့် ၅ ဦးအဖွဲ့ (ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်) တို့နှင့် NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သည့် ၅ ဦးအဖွဲ့ (ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့မှ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

အခန်း (၇) ခန်း အပိုဒ် (၃၃) ပိုဒ် အပိုဒ်ငယ် (၈၆) ပိုဒ် ပါရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နောက်ဆုံး မူကြမ်းကို မတ်လ ၃၁ရက်နေ့တွင် သဘောတူလက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး ထိုထဲတွင် ညှိုနှိုင်း၍ မရသည့် အချက်များကို နောက်အစည်းအဝေးများတွင် ဆုံးဖြတ်ရန် အချက်အဖြစ် ထည့်သွင်းထားသည်။

အဆိုပါ NCAအား နှစ်ဖက်ခေါင်းဆောင်များကို ပြန်လည်တင်ပြမည်ဟုသိရပြီး အားလုံးသဘောတူနိုင်သည့် အခြေအနေတွင် NCA စာချုပ်ကို လက်မှတ်ထိုးကြမည်ဖြစ်ကာ ထို့နောက်မှသာ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

 

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...