အဆိုပါဒေသခံငါးဦးမှာ ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနှင့် ကိုဖြိုးဟန်တို့ဖြစ်ပြီး ယင်းတို့အနက်မှ ကိုသန့်စင်ကို မတ် ၃၀ရက်တွင် ပုဒ်မ ၅၀၅(ခ)၊ ၁၄၃၊ ၁၄၅တို့ဖြင့် တရားစွဲဆိုကာ မြင်းခြံထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
ကိုသန့်စင်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်) ဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သည်။
အမှတ်(၁)ရဲစခန်းမှ စခန်းမှူးမြင့်နိုင်က "ကျောင်းသား မဟုတ်တဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းတာပါ။ သမိုင်းရှိသူတွေကို ဝရမ်းထုတ်တာဖြစ်ပါတယ်။ မတ် ၂၇ရက်က ဖမ်းထားတဲ့ သူတွေထဲမှာလည်း အသက် ၃၀ကနေ ၆၅နှစ်အရွယ် ကျောင်းသားအရွယ် မဟုတ်သူတွေပဲ ပါပါတယ်လို့ ပြောချင်ပါတယ်” မဇ္ဈိမ ကိုပြောသည်။
မတ်လ ၂၇ရက်တွင် မဖြူ(ခ) ခင်သန္တာအောင်၊ ကိုဉာဏ်မြင့်သန်း၊ ကိုစိန်ထွန်း၊ ကိုကျော်သန်းထွန်းနှင့် ကိုစည်သူမြတ်တို့ ငါးဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အာမခံ မရသည့် ပုဒ်မများဖြစ်သော ပုဒ်မ ၁၄၃ (ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး တခုတွင် ပါဝင်သူ၊ ပုဒ်မ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု)တို့ဖြင့် အမှုဖွင့်ခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသူငါးဦးကို ဧပြီ ၁၀ရက်တွင် ရုံးထုတ်မည်ဟု သိရကြောင်း မြင်းခြံကျောင်းသားလှုပ်ရှားမှုမှ ပြန်ကြားရေးတာဝန်ခံ ကိုဟန်ဖြိုးဝေက ဆိုသည်။







