အဆိုပါ ဆွေးနွေးပွဲ တွင်ရွေးကောက် ပွဲကာလ အတွင်း မီဒီယာများ သတင်း ရယူခြင်း၊ သတင်း တင်ပြခြင်းနှင့် မျှတ မှန်ကန်သော သတင်းရေးသားရာတွင် မီဒီယာများ ကြံုတွေ့ရသော စိန်ခေါ်ချက်မှုကို မီဒီယာကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေး ချက်များကို နိုင်ငံရေးပါတီများနှင့် မျက်နှာစုံညီ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် နိုင်ငံရေးပါတီငယ်များ၏ သတင်းများကို မီဒီယာများအနေဖြင့် မျှမျှတတဖော်ပြနိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် အယ်ဒီတာ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲကို Denish Institute For Parties and Democracy (DIPD) က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီ အချို့နှင့် ပါတီငယ်များ စုစုပေါင်း ၂၀ကျော်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်တွင်းမီဒီယာ အဖွဲ့အချို့ တက်ရောက်ကာ ရွေးကောက်ပွဲ ကာလအတွင်း မီဒီယာများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများမှ စိုးရိမ်သည့် အချက်များနှင့် နိုင်ငံရေးပါတီများအနေဖြင့် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းများ စသည် တို့ကိုဆွေးနွေး တင်ပြခဲ့သည်။
မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ်မှ ကျင်းပသော ရွေးကာက်ပွဲကာလ မီဒီယာနှင့် နိုင်ငံရေးပါတီများ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ဧပြီ ၁ရက်က ရန်ကုန်မြို့ရှိ Summit Park View hotel တွင် ကျင်းပနေစဉ်။(ဓာတ်ပုံ-သက်ကို)







