မစ္စဒယ်လ်ရုရှီဟမ်အမ်နက်တီက ''မီဒီယာကို စိတ်ဝင်စားပါ၀င် လုပ်ကိုင်သူ အမျိုးသမီးတွေ များစွာရှိပေမယ့် သူတို့တွေဟာ ဓလေ့ထုံးစံနဲ့၊ ကျား၊ မ ကန့်သတ်မှု အမျိုးမျိုးတွေကြောင့် ရာထူးအမြင့် အပိုင်းကိုရောက်ရှိမှု နည်းပါးတာကို တွေ့ရှိခဲ့တယ်” ဟု ဆိုသည်။
မြန်မာမီဒီယာ အင်စတီကျုတွင် မတ်လ၃၁ရက်က ပြုလုပ်သည့် Gender in the Myanmar Media Landscape စာတမ်းစာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းကပြောခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ဂျာနယ်လစ်ဖက်ဒရေးရှင်း (တောင်အာရှဒေသ)၊ ဆွီဒင်မှ FOJO မီဒီယာ အင်စတီကျုနှင့် မြန်မာနိို်င်ငံမှ Rainfall ကျားမရေးရာ သုတေသန အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ မီဒီယာလောကတွင် ကျားမ ကွဲပြားမှုလျော့ပါးစေရန် ရည်ရွယ်ကာ ကျားမရေးရာ ကို်ယ်စားပြုမှု ဆန်းစစ်လေ့လာချက်ကို ၂၀၁၄ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာအထိ သုံးလကြာပြုလုပ်ခဲ့ပြီး အထက်ပါ စာတမ်းကို ပြုစုခဲ့ခြင်းဖြစ်သည်။
ယင်းသုံးလအတွင်း မီဒီယာနယ်ပယ်ရှိ ကျား၊မ ၁၄၈ ဦးကို မေးခွန်း ရ၈ခုမေး၍ စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။ စာတမ်းအရ မြန်မာ့ မီဒီယာကဏ္ဍတွင် အမျိုးသမီး ပါဝင်မှုမှာ ၅၄ရာခိုင်နှုန်းရှိပြီး အမျိုးသမီးဂျာနယ်လစ်များ၏ လုပ်ငန်းခွင် အတွင်း လိင်မညီမျှမှုကြောင့် ခွဲခြားဆက်ဆံခံရမှုများကို ခေါင်းစဉ်ခြောက်ခုခွဲ၍ ဖော်ပြထားပြီး ယင်းဖော်ပြချက်တွင် စိတ်ကြိုက် သတင်းနယ်ပယ်ရွေးချယ်နို်င်မှု နည်းပါးကြောင်း၊ နည်းပညာ ကဏ္ဍနှင့် နိုင်ငံရေး ဆန်းစစ်လေ့လာသူ နယ်ပယ်တွင် အင်အားအနည်းဆုံးဖြစ်နေကြောင်းဆိုသည်။
မီဒီယာနယ်ပယ်ရှိ အမျိုးသမီးများအတွက် အခက်ခဲဆုံးကိစ္စမှာ မီးဖွားပြီးနောက် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရေး ဖြစ်သည် ဟု ဖော်ပြထားသည်။ အများစုသော အမျိုးသမီးဂျာနယ်လစ်များမှာ မီးဖွားရန်ပြင်ဆင်ချိန်တွင် အလုပ်ရပ်နား လိုက်ရခြင်း၊ မီးဖွားပြီး၍ မီဒီယာ နယ်ပယ်တွင် ပြန်လည် လုပ်ကိုင်ပါကလည်း မူလရာထူးတွင် ပြန်လည်ရရှိရန် မလွယ်ကူ၍ အစမှပြန်လည် လုပ်ကိုင်ရခြင်း၊ မိသားစုက မီဒီယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အားပေးကူညီမှု မရှိခြင်းတို့ကြောင့် မီဒီယာနယ်ပယ်၏ ဆုံးဖြတ်ချက်ချသူနေရာတွင် ရောက်ရှိရန် ခက်ခဲနေကြသည် ဟုဖော်ပြထားသည်။
FOJO မီဒီယာအင်စတီကျုမှ မစ္စအက်နိတာဆိုတာ ဘက်ဂျေကော့ဆင်က “ဆွီဒင်နိုင်ငံရဲ့ သတင်းလောကမှာ ဆိုရင်တော့ လူထုဆက်ဆံရေး မီဒီယာတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းရာထူးတွေ ရနေကြပါတယ်။ ဒါက ကလေးမီးဖွားမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ဆို်င်ရာ ဥပဒေတွေကို လွှတ်တော်က သေချာပြဋ္ဌာန်းထားလို့ဖြစ်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် အတွင်းရှိ အမျိုူးသမီးများ၏ မီးဖွားမှုအပေါ် မီးဖွားခွင့်ဟူ၍ ခွင့်သတ် မှတ်ပြဋ္ဌာန်းထား မှုရှိသော်လည်း လက်ရှိတွင် အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများသာလျှင် တန်းတူညီမျှ ခံစားခွင့်ရှိနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် မီးဖွားခွင့်ရရှိမှုမှာ မတူညီဘဲ မီးဖွားခွင့်ရရှိသော လုပ်ငန်းရှိ သကဲ့သို့ မရသောလုပ်ငန်းများလည်း ရှိနေသည်။ အထူးသဖြင့် သတင်းဌာနများတွင် မီးဖွားခွင့်ရရှိမှု နည်းပါးနေသည်ဟု အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။
Rainfall ကျားမရေးရာ သုတေသနအဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သည့် မပျိုးလက်ဟန်က “မီးဖွားခွင့်ကို အစိုးရဌာနတွေ မှာရရင် ကျန်တဲ့ ပုဂ္ဂလိက ဌာနတွေမှာလည်း ရသင့်ပါတယ်။ ဒီလိုရဖို့အတွက် လူမှုဖူလုံရေး ဥပဒေကို သေချာသက်ဝင်စေဖို့ လိုတယ်။ ဒီအတွက် ပေါ်လစီတွေ တိတိကျကျ ချမှတ် လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
မီဒီယာနယ်ပယ်၏ ဆုံးဖြတ်ချက်ချသူနေရာတွင် အမျိုးသမီးပါ၀င်မှု ရာခိုင်နှုန်းများလာစေရေးအတွက် အသိပညာပေးမှု များ ဆောင်ရွက်ပေးရန် လိုအပ်နေပြီး လက်ရှိတွင် မြန်မာ အမျိုးသမီး ဂျာနယ်လစ်များသည် ကျားမရေးရာ တန်းတူညီ မျှမှုဆိုင်ရာ အသိပညာ (Gender)နှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု ပုံစံအမျိုးမျိုးရှိခြင်းနှင့် ယင်းမှ ကာကွယ်ခြင်းဆိုင်ရာ အသိပညာရရှိမှုတွင် အားနည်းနေသေးကြောင်း ဖော်ပြထားသည်။







