ပြည်ထောင်စုအစိုးရ တောင်းခံငွေမှ ကျပ် ၂၁၃ဘီလီယံကျော် လွှတ်တော် ဖြတ်တောက်

ပြည်ထောင်စုအစိုးရ တောင်းခံငွေမှ ကျပ် ၂၁၃ဘီလီယံကျော် လွှတ်တော် ဖြတ်တောက်
by -
မဇ္ဈိမ
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ထောက်ပံ့ငွေ၊ ငွေလုံး ငွေရင်းသုံးရငွေများ၊ သာမန်အသုံးစရိတ်များ ကျပ် ၂၁၃ ဘီလီယံ ကျော်ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်သည်။

ဝန်ကြီးဌာန ၁၁ခု၏ ထောက်ပံ့ငွေ၊ ငွေလုံးငွေရင်းသုံးငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျပ်သန်း ၅၁,၀၀၀ ဖြင့် အများဆုံးဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနက ၁၈၉ သန်းဖြင့် အနည်းဆုံး အဖြတ်ခံရပြီး စုစုပေါင်း ကျပ် ၁၇၅ ဒသမ ရ၃၁ ဘီလီယံကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်ခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကျေးလက်ယင်လုံအိပ် သာနှင့် ကျေးလက် အိပ်ရာစီမံ ကိန်းများ တည်ဆောက်ရေးလုပ်ငန်းမှ ကျပ် ၁၁,၂၈၉ သန်းကို ငြင်းပယ်ရန်တင်ပြမှုကို လွှတ်တော်က ကန့်ကွက်ခဲ့သည်။

ဒေါ်စန္ဒာမင်းက "ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ မဲပေးတာမျိုးလား၊ အမှန်တကယ်အကျိုးရှိတဲ့၊ အကျိုးမရှိတဲ့ ကိစ္စရပ်မျိုးလားဆိုတာ သေသေချာချာ ဆုံးဖြတ်ဖို့ ကောင်းပါတယ်ဆိုတာ ကျွန်မပြောချင်ပါတယ်’’ ဟု ပြောသည်။

အဆိုပါစီမံကိန်းများသည်  ငါးနှစ်စီမံကိန်းဖြစ်သော်လည်း လေးနှစ်ကျော်သည်အထိ အောင်မြင်မှုမရှိခြင်းကြောင့် ဘတ်ဂျက်ငွေတောင်းခံမှု ငြင်းပယ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရှင်းပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ် ၈၅၈ သန်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ကျပ် ၉၂ သန်းကျော်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှ ကျပ် ၁၈,၄၇၄ သန်းကျော် စုစုပေါင်း ကျပ် ၁၉ ဒသမ ၄၂၄ ဘီလီယံဖြတ်တောက်ခဲ့သည်။

ထို့ပြင် ဗဟိုအဖွဲ့အစည်း ၁၁ခုနှင့် ဝန်ကြီးဌာန ၂၇ခု၏ သာမန်သုံးငွေမှ ၂ ရာခိုင်နှုန်းစီဖြင့် စုစုပေါင်း ကျပ် ၁၇ ဒဿမ ၉၃၃ ဘီလီယံ ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် သာမန်သုံးငွေမှ ၂ရာခိုင်နှုန်းဖြင့် ကျပ် ၁၇ ဒဿမ ၉၃၃ ဘီီလီယံ၊  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းပါ သာမန်သုံးငွေမှ ၁၉ ဒဿမ ၄၂၄ ဘီလီယံနှင့် ထောက်ပံ့ငွေ၊ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၇၅ ဒဿမ ရ၃၁ ဘီလီယံစုစုပေါင်း ၂၁၃ ဘီလီယံကျပ် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ယခုနှစ်တွင် အစိုးရအနေဖြင့် သာမန် အသုံးစရိတ် ၁၄,၉၅၀ ဘီလီယံကျပ်၊ ငွေလုံးငွေရင်း အသုံးစရိတ် ၅,၁၈၄ ဘီလီယံကျပ် စုစုပေါင်း ၂၀,၁၃၄ ဘီလီယံကျပ် တောင်းခံခဲ့သည့်အတွက် ယခင်နှစ်ကထက် ကျပ်ဘီလီယံ ရ၀၀ နီးပါး ပိုမိုတောင်းခဲ့သည်ဟု ဆိုသည်။

ဦးဝင်းဦးက ‘‘လွှတ်တော်က ဒီနှစ်အတွက် ကျပ်ဘီလီယံ ၅၀၀ ကနေ ၁,၀၀၀ ကြား လျှော့သုံးဖို့ အကြံပြုထားပေမယ့် မလျှော့တဲ့အပြင် ပိုတောင်းတဲ့အတွက် ဘီလီယံ ၂၀၀ ကျော်ပဲ ဖြတ်တယ်ဆိုတာ နည်းတယ်လို့ ပြောလို့တောင်ရပါတယ်’’ ဟု ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၅ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ် အတည်ပြုခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...