ဧပြီ၁၆ ရက် ၁၇ ရက်နေ့များက တိုက်ပွဲများပြန်လည် ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ မဇ္စျိမက ဆက်သွယ်မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော်တို့ကတော့ ပဋိပေက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါ။ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ မူဘောင်တစ်ခုကို ရောက်အောင် အားလုံးသည်းခံပြီးမှ ကြားကလူထုမြေဇာပင်မဖြစ်အောင် ဆောင်ရွက်ပေးကြပါလို့ ပြောလိုတာပေါ့"ဟု ဒေါက်တာ အေးမောင်က ပြောသည်။
AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခြေခံဒေသတည်ဆောက်ခြင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းသာဖြစ်သည့်အတွက် အစိုးရသစ်အနေဖြင့်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ရသည့် ဇစ်မြစ်ကို ရှာဖွေကာ နိုင်ငံရေးတွေ့ဆုံပွဲတွင် အားလုံးပါ၀င် နိုင်အောင် ခေါ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
ရခုုိင်ပြည်နယ် ရသေ့တောင်မြို့နယ် လောတမတောင်တန်း ခေါ် သြရမတောင်တန်းတွင်လည်းကောင်း၊ ပု ဏ္ဏား ကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် ယုုိးချောင်းအထက် နတ်သရဲကျေးရွာအနီးတွင် လည်းကောင်း ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲများတွင် AA အဖွဲ့ထံမှ ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများဖြင့် တူးဖော်ပြု လုပ်ထားသည့် ယာယီအခြေပြုနေရာများကို သိမ်းပိုက်ရရှိခဲ့ကာ လူနေတဲများ၊ ဒေသန္တရ လက်လုပ်မိုင်းနှင့် ဆက်စပ် ပစ္စည်းများ၊ ချပ်ဝတ်တန်ဆာများ၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ ယာယီ တပ်ရင်းမှူးတစ်ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံးကာ၊ ထိခိုက် ဒဏ်ရာ ရခြင်းများရှိခဲ့ကြောင်း တပ်မတော်က တရားဝင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်လုံခြုံရေးတို့အတွက် တပ်မတော် အနေဖြင့် ဆုတ်ခွာထွက်ပြေး လျက်ရှိသော AA လက်နက်ကိုင် အဖွဲ့ကို အပြီးတိုင်ချေမှုန်းနိုင်ရေး ဆက်လက်နယ်မြေရှင်းလင်း လျက်ရှိကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရက AAအဖွဲ့အား ဆွေးနွေးဖက်အဖြစ် သတ်မှတ်ခြင်း မရှိခဲ့သည့် အပြင် လက်ရှိတွင် ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သေးသည့် အဖွဲ့အစည်း ဖြစ်သည်။
ဧပြီ ၁၇ ရက်က လွှတ်ငြိိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ နုုိင်ငံရေးအကျဉ်းသား ၈၃ ဦးတွင် AA နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရ၍ ထောင်ချခံရသူ ရ ဦးလည်း ပြန်လည် လွတ်မြောက်လာခဲ့သည်။







