NCA လက်မှတ်ထိုးရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံ ခေါ်ယူဆုံးဖြတ်မည်

NCA လက်မှတ်ထိုးရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံ ခေါ်ယူဆုံးဖြတ်မည်
by -
ကေအိုင်စီ
နိုင်ငံလုံုးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ထိုးရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိပ်သီး ညီလာခံတစ်ခုခေါ်ယူ ပြုလုပ်ပြီးမှသာ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ခေါင်းဆောင် နိုင်ဟံသာက မတ်လ ၃၀ရက်နေ့က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ (NCCT)နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ(UPWC)တို့ (၇) ကြိမ်မြောက် အစည်းအဝေး ရရက်မြောက်နေ့တွင် အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်အားလုံးကို သဘောတူညီမှုရရှိပြီဖြစ် သော်လည်း လက်မှတ်ထိုးမည့်ကိစ္စကိုမူ ညီလာခံခေါ်ယူပြီးမှသာ ဆုံးဖြတ်မည်ဖြစ်သည်ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့နှစ်ဖက် စိတ်ရှည်ရှည်နဲ ့ညှိနှိုင်းလာတာ အခုကတော့ သဘောတူပြီးသွားပြီလို့ ပြောလိုပါတယ်။ ဒါပေမဲ့ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာက ကျနော်တို ့NCCT နဲ ့အဆုံးအဖြတ်ပေးလို့ မရသေးဘူး။ ကျနော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီးတော့မှ အစည်းအဝေးလုပ်ရမယ်။ အဲ့မှာ တင်ပြရမယ်။ သူတို့ကနေပြီးတော့မှ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင်တယ်။  အတည်ပြုမှုတွေ ရပြီးတော့မှ တရား ဝင် သူတို့ကိုယ်တိုင် လက်မှတ်ထိုးဖို့ ရည်ရွယ်ထားပါတယ်”ဟု နိုင်ဟံသာက ပြောသည်။

NCA ကို လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံကို မည်သည့်အ ချိန်၊ မည်သည့်နေရာတွင် ပြုလုပ်မည်ကို ဆွေးနွေးညှိနှိုင်းမူ မလုပ်ရသေးသော်လည်း ဧပြီလအတွင်း ကျင်းပရန် မျှော်မှန်း ထားသည်ဟု NCCT က ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ၂၆ဖွဲ့အနက် NCCT အဖွဲ့ဝင်များ၊ အဖွဲ့ဝင် မဟုတ်သူများ လည်းရှိကာ ညီလာခံတွင် အဖွဲ့အားလုံးကို ဖိတ်ခေါ်ဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အဖွဲ့များအားလုံး အတူတ ကွ တပြိုင်တည်း လက်မှတ်ထိုးရန် မိမိတို့ဆန္ဒရှိသည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆခေါင်ကပြောသည်။

UPWC အဖွဲ့ပြောဆိုခွင့်ရှိသူ ဦးလှမောင်ရွှေကလည်း ၎င်းတို့အဖွဲ့ဝင်များအနေဖြင့် NCA ဆွေးနွေးပွဲ နေ့စဉ် ဆွေးနွေးဆုံး ဖြတ်မှုများကို သက်ဆိုင်ရာ အဖွဲ့အလိုက် ထိပ်ဆုံးခေါင်းဆောင်များအား နေ့စဉ် အသိပေး တင်ပြထားပြီးဖြစ်သည့်အတွက် လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်ဟု ယခုုလို ပြောသည်။

၎င်းက “NCA မှာ အခန်းပေါင်း ရခန်းနဲ့၊ အပိုဒ်ပေါင်း ၃၃ပိုဒ်နဲ့၊ အပိုဒ်ငယ်ပေါင်း ၈၆ပိုဒ်ပါပါတယ်။ ကျနော်တို့ UPWC အနေနဲ့ ကတော့ အားလုံးကို တင်ပြပြီးဖြစ်တဲ့အတွက် အစိုးရဘက်ပိုင်းမှာ အခက်အခဲမရှိပါဘူး။ ဆွေးနွေးဖို့ မကျန်တော့ဘူးဆိုတာ တော့ တင်ပြချင်တယ်။ ကျနော်တို့ဘက်ကတော့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်ပြီးဆိုတာကို အသိပေးချင်တယ်”ဟု ပြောသည်။

NCCT နှင့် UPWC တို ့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မူကြမ်းကို စတင်ဆွေးနွေးခဲ့ပြီး တရားဝင် ရကြိမ်မြောက်ဆွေးနွေးမှုအပြီးတွင် ယခုလို သဘောတူညီခဲ့ခြင်းဖြစ်ကာ အလွတ် သဘော ဆွေးနွေးပွဲများလည်း အများအပြား ပြုလုပ်ခဲ့ရကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...