ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၄-၁၅ ပညာသင်နှစ် ကရင်၊ ကယား၊ မွန်၊ ချင်း၊ ပအိုဝ်း၊ ရှမ်း(သျှမ်း) စသည့် တိုင်းရင်းသားစာပေ သင်ကြားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို မတ် ၃၀ရက် နေ့လည် ၂နာရီမှ ၅နာရီအထိ တိုင်းအစိုးရအဖွဲ့ ရုံးခန်းမဆောင်၌ ပြုလုပ်ဆွေးနွေးခဲ့ပြီး ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော် မတီ ဒုဥက္ကဌ စောလင်းအောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အဓိက ဆွေးနွေးဖြစ်တာတွေကတော့ လာမယ့်ပညာသင်နှစ်မှာ တိုင်းရင်းသားစာပေသင်ကြားရေးကို အရင်နှစ်တွေထက် ဘယ်လိုကောင်းအောင်လုပ်ကြမလဲ ဆွေးနွေးတာ ဖြစ်တယ်။ အထူးသဖြင့် တောင်းဆိုတာက ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ပေးဖို့ တောင်းဆိုတယ်။ ဘာလို့လဲဆိုတော့ တချို့ကျောင်းသားတွေက ကျောင်းဆင်းရင် နွားကျောင်းရတာတို့ စသဖြင့် လုပ်ရတာရှိတယ်။ ဒါကြောင့် တောင်းဆိုတာပါ”ဟု ပြောသည်။
ဆွေးနွေးပွဲသို့ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ပအိုဝ်း၊ သျှမ်း အစရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းပညာရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် လူ ၆၀ကျော် တက်ရောက်ဆွေး နွေးခဲ့ကြသည်။
ထိုသို့ ကျောင်းချိန်အတွင်း သင်ကြားခွင့်ပြုရေးတောင်းဆိုခဲ့သော်လည်း အခမ်းအနား တက်ရောက်လာသည့် အစိုးရတာဝန်ရှိသူ များက ခွင့်ပြုမပြု ပြန်လည်ဖြေကြားခြင်းမရှိဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော် မတီ ဥက္ကဌ နိုင်စိုးသိန်းက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အခု ပဲခူးတိုင်းမှာ အစိုးရကျောင်းမှာ တိုင်းရင်းသားစာပေကို ကျောင်းချိန်ပြင်ပ သင်တဲ့အခါကျတော့ ထိရောက်မှု အားနည်း တယ်။ တချို့ကလေးတွေက ကျောင်းဆင်းရင် ကျူရှင်သွားရတယ်၊ အိမ်အလုပ်ကူရတယ်။ ဒီတော့ နောက်တစ်နာရီလောက် ဆက်မတက်ချင်ဘူးလေ။ ဒါကြောင့် တောင်းဆိုတာ၊ အခမ်းအနားတက်လာတဲ့ အစိုးရ တာဝန်ရှိသူတွေကတော့ ခွင့်ပြုမပြု ဘာမှ ပြန်မပြောခဲ့ဘူး”ဟု နိုင်စိုးသိန်းက ပြောသည်။
ထို့အပြင် အခမ်းအနားတက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များက သင်ကြားရေးအတွက် ဆရာ၊ ဆရာမများ ရှားပါးသည့်အတွက် ပြင်ပမှခေါ်ယူသော်လည်း ထောက်ပ့ံကြေးနည်းသလို အပြည့်အဝမရသည့် အခက်အခဲ များ၊ ပြဋ္ဌာန်းစာအုပ် အချိန်မှီမရသည့်ကိစ္စများ ဆွေးနွေးခဲ့ပြီး တိုင်းပညာရေးမှူး ဦးဌေးဝင်းက လာမည့်နှစ်တွင် စနစ်တကျဖြစ်ရေးနှင့် ထောက်ပ့ံကြေးအပြည့်ရရန် လုပ်ဆောင်ပေးသွားမည်ဟု ပြန်လည်ပြောဆိုခဲ့သည်ဟု စောလင်းအောင်က ဆက်ပြောသည်။
လက်ရှိ ပဲခူးတိုင်းဒေသကြီးအတွင်း ကရင်၊ ကယား၊ မွန်၊ ပအိုဝ်း၊ ချင်း၊ သျှမ်း စသည့်တိုင်းရင်းသားစာပေများကို အစိုးရကျောင်း များတွင် ကျောင်းချိန်ပြင်ပသင်ကြားပေးနေပြီး ကျောင်းသူကျောင်းသားပေါင်း ၅,၀၀၀(ငါးထောင်)ကျော် သင်ယူလျှက်ရှိကြောင်း တိုင်း စာယဉ်ကော်မတီများက ပြုစုထားသော စာရင်းများအရ သိရသည်။







