အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ
by -
ကေအိုင်စီ
မလေးရှားကရင်အဖွဲ့အစည်း(MKO) အဖွဲ့ဝင်အမျိုးသမီးများမှ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နိုင်ငံတကာသို့ ရောက်ရှိနေသော ကရင်အမျိုးသမီးများအတွက် အားပေးမှုတစ်ခုသာမက အမျိုးသား ရေးတွင် တဖက်တလမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးကြနိုင်ရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း အစီအစဉ်ဖြစ်မြောက်ရေး ဦးဆောင်သူ MKO အဖွဲ့ဝင် အမျိုးသမီးခေါင်းဆောင် နော်အယ်မာက ပြောသည်။

“ကျမတို့လုပ်ရတာက နိုင်ငံအသီးသီးရောက်ရှိနေကြတဲ့ ကရင်အမျိုးသမီးတွေမှာ စွမ်းဆောင်ရှင်တွေ ပေါ်ထွက်လာအောင်လို့ အမျိုးသမီးတွေကို အားပေးချင်တာရယ်၊ နောက်ပြီး စုစည်းမှု ဖြစ်စေချင်တာပေါ့။ နိုင်ငံတကာအမျိုးသမီးများနေ့ဆိုတာရှိတော့ အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ဆိုတာလည်း လိုအပ်တယ်ထင်လို့ ကျမတို့အနေနဲ့ ပထမဆုံးပဲ လုပ်လိုက်ရခြင်းဖြစ် ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ကျင်းပရာတွင် တက်ရောက်လာသော MKO ခေါင်းဆောင်များနှင့် အမျိုးသမီးအဖွဲ့ခေါင်းဆောင်များက အားပေးစကားပြော ခြင်း၊ ကရင်အမျိုးသမီးစွမ်းဆောင်ရှင်များအကြောင်းကို Slide Show ဖြင့် ပြသခြင်း ဒုံးအကများဖြင့် ဖျော်ဖြေခြင်း၊ မော်ဒယ်လ်ရှိုး လျှောက်ခြင်း၊ Live Show သီချင်းဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများနေ့ကို မည်သည့်ကရင်အမျိုးသမီးအဖွဲ့အစည်းမှ သတ်မှတ်ကျင်းပခဲ့ခြင်း မရှိသေးဘဲ ဧပြီလ (၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ကရင်အမျိုးသမီးအစည်းအရုံး(KWO)နေ့ကိုသာ ကျင်းပခဲ့ကြသည်ဟု MKO အဖွဲ့ဝင် အမျိုးသမီးများက ဆိုသည်။

KWO ဥက္ကဌ နန်းဒါးအယ်ကလယ်က “သူတို့(MKO အဖွဲ့ဝင်အမျိုးသမီးတွေ)အနေနဲ့ အခုလို လုပ်နိုင်တာကို ၀မ်းသာပါတယ်။ ဒါပေမယ့် ဒါဟာ အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးအားလုံးကို ကိုယ်စားမပြုဘူးလို့ ကျမကတော့ မြင်တယ်။ အားလုံးကို ကိုယ်စားပြုတယ်ဆိုရင် ကျမတို့ KWO အနေနဲ့ ပါ၀င်နိုင်ခွင့်ရှိရမှာဖြစ်သလို အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးတွေရဲ့ ပူးပေါင်းပါ၀င်မှုကလည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

လက်ရှိမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် MKO ကို ၂၀၀၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက် (ကရင့်တော်လှန်ရေး)နေ့တွင် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရောက်ရှိနေကြသည့် ကရင်ဒုက္ခသည်အရေး၊ အမျိုးသမီးများအရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို အဓိကထား၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

MKO အဖွဲ့ဝင်အမျိုးသမီးများအနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ အင်္ဂလိပ်စကားပြောသင်တန်း များအပြင် မလေးရှားနိုင်ငံရှိ ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Health Equity Initiatives အဖွဲ့နှင့်ပူးပေါင်းကာ ကျန်းမာ ရေး ပညာပေးမှုများ လုပ်ဆောင်လျှက်ရှိသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...