အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace-Making Work Committee-UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordination Team- NCCT)တို့ကြား ယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမှာ အားလုံးပါ၀င် ဟန်ချက်ညီသော မြန်မာ့ အနာဂတ်အတွက် လင်းခင်းပေးမည့် ပိုမို ကြီးမားသော နိုင်ငံရေး စစ်ရေးဆွေးနွေးပွဲဆီသို့ သွားရောက်မည့် ပထမခြေလှမ်းပင် ဖြစ်သည်ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင် UNအထူးအကြံပေး ဘီဂျေ နမ်ဘီယားကိုယ်စား ပြောကြားခဲ့သည်။
သို့ရာတွင် စာမျက်နှာသစ်ကို မဖွင့်လှစ်မီ မဖြစ်မနေဖြတ်ကျော်ရမည့် အဆုံးအဖြတ်ကျသည့် အဆင့်အခြေ တစ်ရပ်ပင်ဖြစ်သည်ဟု လည်း ကြေညာချက်တွင် သတိပေးထားသည်။
မြန်မာမှာ အသွင်ကူးပြောင်းမှုတွင် အလားအလာများနှင့် ကကြီးရေက အဆင့်မှာသာ ရှိသေးပြီး ယနေ့သဘော တူညီချက်မှာ ယခင်က ရန်သူတော်များကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်နိုင်ခြေအလားအလာကို မီးစိမ်းပြလိုက်ခြင်းသာဖြစ်သောကြောင့် မြန်မာပြည်တွင် ပြောင်းလဲမှု၏ အစေ့အဆန်များမှာ စတင်အညှောင့်ပေါက်လာပြီ ဟု မျှော်လင့်ရကြောင်းလည်း ကြေညာချက်တွင် ပြေားကြားထားသည်။
၁၇လကြာ ဆွေးနွေး ခဲ့ရသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူ ကြမ်းပါ အချက်အားလုံးကို မတ်လ ၃၀ရက်က နှစ်ဖက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ရက်က သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြရာတွင် UPWC နှင့် NCCT တို့မှ ၅ဦးစီ၊ ဦးအောင်မင်းနှင့် ဦးနိုင်ဟံသာတို့ ပါ၀င်ခဲ့သည်။








