NLDအမတ် ဦအောင်ကြည်ညွှန့်က မတ်လ ၃၀ ရက်တွင် တင်သွင်းသော အဆိုပါ ဥပဒေကြမ်းအား ဧပြီလ ၁ရက်၊ လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်အမတ် ရဦးက ဆွေးနွေးကြခြင်းဖြစ်ပြီး ထို(၇)ဦးအနက် တပ်မတော်သား အမတ်(၃)ဦးက Power Point များဖြင့် ထောက်ပြကာ ကန့်ကွက်ဆွေးနွေးကြခြင်းဖြစ်သည်။
"ဒီဥပဒေကြမ်း၏ အခန်း(၃) ပုဒ်မ(၄)တွင် လူပုဂ္ဂိုလ်အမည်ဖြင့် ဖော်ပြ၍ ပြဌာန်းထားရာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက် သီးသန့်ပြဌာန်းထားတဲ့သဘော သက်ရောက်နေပြီး ဥပဒေပြုရေးအခွင့်အာဏာအသုံးပြုတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြဌာန်းရမယ့်အစား နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများကိုသာ ဦးစားပေးပြဌာန်းရမှာဖြစ်ကြောင်း တင်ပြလိုပါတယ်" ဟု တပ်မတော်သားအမတ် ဗိုလ်မှူးကြီး လှဝင်းအောင်က ဆွေးနွေးသည်။
အဆိုပါ ဥပဒေကြမ်း၏ အခန်း(၃)၊ ပုဒ်မ(၄)တွင်မူ "၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်" ဟု ရေးဆွဲထားသည်။
အဆိုပါ တာဝန်ပေးအပ်သည်ဟူသည့် စကားရပ်မှာလည်း အမိန့်ထုတ်ပြန်သည့်သဘော သက်ရောက်နေကြောင်း ဗိုလ်မှူးကြီး မြင့်ဆွေက ကန့်ကွက်ဆွေးနွေးသည်။
"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဥပဒေကြောင်းအချင်းအရာအရ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များကို ကျော်လွန် အဓိပ္ပာယ်သက်ရောက်နေသဖြင့် လည်းကောင်း၊ အကြောင်းချင်းရာ အားဖြင့်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ဆန့်ကျင်နေကြောင်း တွေ့ရှိရ ပါသည်" ဟုလည်း ဗိုလ်မှူးကြီးမြင့်ဆွေက လွှတ်တော်တွင် ပြောသည်။
ဥပဒေကြမ်း၏ ရည်ရွယ်ချက်များမှာ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ စျေးကွက်စီးပွားရေး စနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖြစ်ကြောင်း ပြဌာန်းထားသည်။
"ယခုဥပဒေကြမ်းပါ ပြဌာန်းချက်များရဲ့ အနက်အဓိပ္ပာယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့် ဆန့်ကျင်ကွဲလွဲ နေခြင်းတို့ကြောင့် ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဌာန်းသင့်ပါကြောင်း" ဟု ဗိုလ်မှူးချုပ် ခင်မောင်အေးက ဆွေးနွေးသည်။
"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်" ဟု ထည့်သွင်းရေးဆွဲထားသည်။
လွှတ်တော်အမတ် ရဦးက ထိုဥပဒေကြမ်းကို ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းအပေါ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးဘဲ လွှတ်တော်အစည်းအဝေးကို တစ်နာရီခန့် ရပ်နားထားသည်။







