လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဥက္ကဌ ဦးဖိုးရယ်က “ကျောင်းသားတွေအပေါ် အကြမ်းဖက် နှိမ်နင်းတာကိုတော့ ကျနော် သဘောမတူဘူး။ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ ကျောင်းသားတွေက အေးအေးဆေးဆေး ဆန္ဒပြပြီး သူလိုချင်တဲ့ ပညာရေးစနစ်ကိုပဲ တောင်းဆိုတာပါ” ဟု ပြောသည်။
အစိုးရ မတရားကြာင်း၊ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လျစ်လျူရှု၍ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကြည့်မကောင်း ရှုမကောင်း ဖြစ်နေကြောင်း ကယန်းအမျိုးသားပါတီ အတွင်းရေးမှူးဦးနန်းရီက ပြောသည်။
“စိတ်တော့ မကောင်းဘူး။ ရဲဖက်က အရမ်းအကြမ်းဖက်တယ်။ ဘာမှမဆိုင်ဘဲ ရိုက်တယ်။ ဒီမိုကရေစီ ကျင့်စဉ်အရဆိုရင် ကြည့်မကောင်း ရှုမကောင်း ဖြစ်သွားတယ်” ဟု ၄င်းက ဝေဖန်ပြောဆိုသည်။
ပြည်သူများ၏ အသံကို အစိုးရက နားထောင်၍ တိုင်းပြည်အတွက် အကျိုးရှိ၊ မရှိသည် သေချာချပြ ရှင်းလင်း ရမည် ဖြစ်ကြောင်း၊ အကျိုးသင့် အကြောင်းသင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ ဂတိဂဝတ်ပြုပြီး ယခုကဲ့သို့ အကြမ်းဖက်ခြင်းသည် မသင့်လျော်ကြောင်း ဦးနန်းရီက ဆက်ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်ရှိ တိုင်းရင်းသား ပါတီများ အနေဖြင့် ကျောင်းသားသပိတ် စစ်ကြောင်းအား လက်ပံတန်းတွင် အကြမ်းဖက် ဖြိုခွင်းသည့် အစိုးရ၏ လုပ်ရပ်ကို ရှုံ့ချကြောင်း၊ ၄င်းလုပ်ရပ်သည် ဥပဒေနှင့် မညီညွတ်ကြောင်း ဦးဖိုးရယ်က ပြောသည်။







