ပြည်ထောင်စုလွှတ်တော်တွင် မတ် ၃၀ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်သမ္မတများ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး ပြောကြားသော နိုင်ငံတော်သမ္မတသစ်၏ ပထမဦးဆုံးသော နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်က ထည့်သွင်းပြောကြားခဲ့သည့် အပေါ် ယခုကဲ့သို့ ပြောကြားကြခြင်း လည်း ဖြစ်သည်။
"အဲ့ဒါတော့ဗျာ။ အသစ်တက်တဲ့ သမ္မတတိုင်းပြောတာပါပဲ။ ဘယ်သမ္မတ အသစ်တက်တက် အဲဒီ အတိုင်းပြော တာပါပဲ။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ကတော့ ဒီဟာကို သိပ်မဝေဖန်ချင်ဘူး။ စောင့်ကြည့်ဖို့ပဲ တိုက် တွန်းချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ များသောအားဖြင့်က ပြောတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်တာလေ။ လုပ် ချင်မှလည်း လုပ်ကြတာလေ။ သူတို့လည်း လုပ်တယ်။ လုပ်တဲ့အတိုင်းလည်း ဖြစ်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေဖြင့် မတ် ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး သူဦးဆောင်သည့် အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးတို့ကို ဆောင်ရွက်မည့်အပြင် ပြည်သူလူထုု၏ လူနေမှု ဘဝတုုိး တက်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းအပေါ် ၀မ်းမြောက်စွာ ကြိုဆိုကြောင်းနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားများနှင့် ရင်ကြားစေ့နိုင်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
" ရည်မှန်းချက်ကတော့ ကောင်းမှာပေါ့။ ရည်ရွယ်ချက်ကတော့ ကောင်းမှာပေါ့။ လက်တွေ့အကောင်ထည် ဖော်မှုအပိုင်း ပိုကောင်းအောင် ဆောင်ရွက်နိုင်ရင် ခုနကပြောတဲ့ တိုင်းရင်းသားများနဲ့ ရင်ကြားစေ့ရေး ရလာနိုင်တယ်။ စစ်ဘက် အရပ်ဖက် ဆက်ဆံရေး ဘယ်လိုအခြေနေရှိသလဲ။ ရည်မှန်းချက်အတိုင်း အကောင် ထည်ဖော်မှု ဘယ်လိုအခြေနေရှိသလဲ။ အမှန်အတိုင်းပြန်သုံးသပ်။ ဘာတွေကိုလျှော့ပေးရမှာလဲ။ ဘယ် လို ညှိနှိုင်းရမှာလဲ။ အဲ့ဒါအရေကြီးပါတယ်ဗျ"ဟု ဒေါက်တာအေးမောင်က ပြောသည်။
နိုင်ငံတော် သမ္မတဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ခဲ့သော အရပ်သား သမ္မတလောင်းတစ်ဦးဖြစ်ပြီး တပ်မတော်မှ ရွေးချယ်တင်မြှောက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို မဲအသာစီးဖြင့် အနိုင်ရခဲ့သည့် နိုင်ငံတော်သမ္မတ လည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းစွာ လက်တွဲနေထိုင်နိုင်ရေးကို အာမခံချက် ပေးနိုင်သည့် ဖွဲ့စည်းပုံတစ်ရပ်ပေါ်ပေါက်လာရေး၊ တရားမျှတစွာ အုပ်ချုပ်နိုင်မည့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဦးတည်ဆောင်ရွက်သွားမည် ဟုလည်း ကတိပေးပြောကြားထားသည်။







