ယင်းကြေညာချက်တွင်နမ္မတူ (သို့မဟုတ်) မြစ်ငယ် ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၄ ခုမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယင်းမြစ်သည် လူအများတို့ မှီခိုအားထားသောမြစ်ဖြစ်ပြီး ရေကာတာတို့က မြစ်၏တစ်ဝက်ကျော်ခန့််ကို ပိတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းအပြင် ဂေဟစနစ် ဖြစ်သော သက်ရှိသတ္တဝါ၊ သစ်ဥသစ်မြစ်၊ ဆေးဖက်ဝင်အပင်တို့နှင့် ပြည်သူလူထုတို့၏ ဘဝရပ်တည်ရေးကို ထိခိုက်မည်ဖြစ်ကြောင်း၊လူဦးရေ ၅၀၀ ခန့်နေထိုင်သည့် တာလုံရွာ၏ သဘာဝလိမ္မော်စိုက်ခင်းတို့သည် ရေအောက် လုံးဝ မြုပ်သွား နိုင်ကြောင်း၊ သီပေါမြို့၏ တစ်စိတ်တပိုင်းတို့မှာလည်း ရေအောက်မြုပ်သွားနိုင်ကြောင်း ဖေါ်ပြထားသည်။
“အစိုးရသစ်ဖြစ်သော NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားပါက ပဋိပက္ခဇုန်အတွင်း ကျရောက်နေသော နမ္မတူမြစ်ပေါ်မှာ တည်ဆောက်မည့် ရေကာတာများနှင့် အခြားမြစ်များပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အားလုံး ရပ်တန့်ရန်ဖြစ်သည်” ဟု ရှမ်းသဘာဝအဖွဲ့မှ စိုင်းခေးဆိုင်က ပြောသည်။
ရေကာတာ မတည်ဆောက်မီ တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်အပြင် ညှိနှိုင်းတိုင်ပင်မှုများ မလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တာလုံရွာသူ၊ ရွာသားများမှ ရေကာတာကြောင့် ရွှေ့ပြောင်းကြရမည်ကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များရေးထိုးထားသော စာရွက်မှတ်တမ်းကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင် ထံပေးပို့ အကူအညီတောင်းခံထားကြောင်း ဖေါ်ပြပါရှိသည်။
ရေကာတာ တည်ဆောက်မှုစီမံကိန်း တည်ရှိရာနေရာသည် ပဋိပက္ခဖြစ်ရာဧရိယာဖြစ်ပြီး တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရန်နှင့် သဘာဝသံယံဇာတများကို ထိန်းသိမ်းကာကွယ်ရန် ကန့်ကွက်ကြခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။
အထက်ရဲရွာရေကာတာစီမံကိန်းသည် နောင်ချိုမြို့နယ်တွင်ရှိပြီး တည်ဆောက်မည့် ရေလှောင်ကန်မှာ ၆၀ ကီလိုမီတာ ကျယ်ဝန်းကာ ရေကာတာ အမြင့်ပေသည် ၁၀၂ မီတာမြင့်ပြီး ရေအားလျှပ်စစ် ၃၀၈ မဂ္ဂါဝပ်အထိ ထုတ်လွှတ်မည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် စသည့် နိုင်ငံများမှကုမ္ပဏီများ ပါဝင်ပြီး ၎င်းရေကာတာသည် ဆောက်လုပ်ဆဲဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည်။







