တပ်က ဖမ်းဆီးထားသည့် ပါလိုင်ကျေးရွာသား ၄၀ကျော် ပြန်မလွတ်လာသေး

တပ်က ဖမ်းဆီးထားသည့် ပါလိုင်ကျေးရွာသား ၄၀ကျော် ပြန်မလွတ်လာသေး
by -
မဇ္စျိမ
တပ်မတော်က ဖမ်းဆီးထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာသား ၄၀ ကျော် ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို၊ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိသေးကြောင်း ပါလိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးဇင်း ဦးသောဘိတက မဇ္ဈိမကို မိန့်သည်။

“သူတို့ကို ၈ ရက်နေ့ကတည်းက ဖမ်းသွားတာ တချို့က လွတ်လာတယ်။ သူတို့ကုုိ ခဏမေးမယ်ဆိုပြီး ခေါ်သွားတာ ဘာကြောင့်ဆိုတာ မသိရဘူး။ ခုထိ သတင်းမရဘူး။ ဒီနေ့နဲ့ဆို ၁၂ ရက်ရှိပြီ”ဟု ဦးသောဘိတက မိန့်သည်။

မတ်လ ၈ ရက်က ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာသား ၅၅ ဦးကို အစိုးရ စစ်တပ်မှ ဖမ်းဆီးသွားခဲ့ပြီး ၁၂ ဦးအား ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန် ၄၃ ဦးမှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း တအာင်းကျောင်းသားနှင့်  လူငယ်များအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး မိုင်းမျိုးအောင်က ပြောသည်။

“သူတို့ ဖမ်းသွားပြီး ၄၊ ၅ ရက်အကြာမှာ ပါလိုင်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါသွားတော့ ဘုန်းကြီးတွေသွားပြီး မေတ္တာရပ်ခံတာ ၁၂ ယောက် ပြန်လွှတ်ပေးတယ်။ ခုချိန်ထိ ၄၃ ယောက်တော့ မလွတ်လာသေးဘူး။ ကျနော်တို့လည်း သူတို့  လွတ်နိုင်ဖို့အတွက် သံဃာတွေ သွားညှိနှိုင်းတဲ့အချိန်မှာ သူတို့က ပြောတယ်။ တဝက်ကျော်က ဘာမှ အပြစ်မရှိဘူး။ ဒါပေမဲ့ ၁၀  ယောက်ကျော်က   မေးစရာရှိတယ်။ ဘာအကြောင်းအရာဆိုတာ ရှင်းရှင်းလင်းလင်း မပြောဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုရက်ပိုင်းက ဖမ်းဆီးထားသူများအား လွှတ်ပေးရန် သံဃာတော်များ သွားရောက် ညှိနှိုင်းခဲ့သော်လည်း ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ ထို ၄၃ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း အတိအကျ မသိရသေးဘဲ  ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲအတွင်း ဖမ်းဆီးထားသည်ဟုသာ သတင်းကြားရကြောင်း ၎င်းက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် မြန်မာ့တပ်မတော်တို့အကြား မတ်လဆန်းမှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်များ အတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ယခုအချိန်သည် ထိုဒေသတွင်နေထိုင်သူများ၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သည့် လ္ဘက်ခူးချိန်ဖြစ်၍ ထိုးစစ်ရပ်တန့်ပေးရန် မတ် ၂၈ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးကို သံဃာတော်များက မေတ္တာရပ်ခံစာ ပေးပို့ထားသေးသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...