၀န်ကြီးချုပ် မလုပ်ရလျှင် အတိုက်အခံလုပ်မည်ဟု ANP၏ ကြေညာချက် မြောက်ဦးဒေသခံများက ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

၀န်ကြီးချုပ် မလုပ်ရလျှင် အတိုက်အခံလုပ်မည်ဟု ANP၏ ကြေညာချက် မြောက်ဦးဒေသခံများက ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်အား ခန့်အပ်ခြင်း မပြုလျှင် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ANP ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကို ထောက်ခံကြောင်း ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြောက်ဦးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုဝေးပြီး မြောက်ဦးမြို့၊ ဦးဥတ္တမပန်းခြံတွင် ယနေ့နံနက် ၈ နာရီခန့်က လူထုထောက်ခံပွဲ ဟောပြောပွဲတစ်ခုကို  ပြုလုပ်ခဲ့ပြီး အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ လူထုထောက်ခံပွဲဟာ ပါတီဗဟိုက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆နဲ့ ၂/၂၀၁၆ ကို ထောက်ခံကြောင်း လူထု စုဝေးပွဲတစ်ခု လုပ်တာပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်ပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးဖို့အတွက်ကျနော်တို့ တောင်းဆိုပါတယ်။”  ဟု ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဦးထွန်းလှိုင်က ပြောသည်။

ယခု ဆန္ဒဖော်ထုတ်မှု မတိုင်မီ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီက ရရှိရေးအတွက် စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့က  ဆန္ဒဖော်ထုတ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းနောက်တွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နံရံကပ် ပိုစတာ ကမ်းပိန်းများ ထပ်ဆင့် ပြုလုပ်ခဲ့သည်။

“ဖယ်ဒရယ်စနစ်ကို လက်ခံပါတယ်ဆိုပြီးတော့ နောက်ထပ်ပြီး ပြည်နယ်တိုင်းမှာ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးနေတာကို ရခိုင်ပြည်သူလူထုကတော့ လုံးဝမကြိုက်ဘူး။ ဒါကြောင့် အခုလိုမျိုး ထောက်ခံပွဲကို ပြုလုပ်ရတာပါ။ ပါတီက ချမှတ်ထားတဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ မှာ ပါတဲ့အတိုင်း ရပ်တည်သွားမယ်။ တောင်းဆိုုမှုတွေကို လိုက်လျောမှု တစ်စုံတစ်ရာ မရှိရင်တော့ နောက်ဆက်ပြီး တောင်းဆိုမှုတွေကိုပါ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု ဦးဦးထွန်းလှိုင်က ပြောသည်။

ယင်းအပြင် ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်အား ခန့်အပ်ခြင်း မပြုဘဲ အစိုးရအဖွဲ့ဝင်များအဖြစ် ၀င်ရောက်လုပ်ကိုင်မည့် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် မည်သူကိုမဆို ပါတီမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...