အစိုးရသစ်နှင့် NCA ဆက်ဆွေးနွေးရန် မလိုဟု တိုင်းရင်းသားခေါင်းဆောင်များပြော

အစိုးရသစ်နှင့် NCA ဆက်ဆွေးနွေးရန် မလိုဟု တိုင်းရင်းသားခေါင်းဆောင်များပြော
by -
မဇ္စျိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း (NCA)ကို ယခင်အစိုးရ နှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ မကြာမီ တက်လာမည့် အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးပွဲသို့ ဆက်သွားရန်သာ ရှိသည်ဟု လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

“အန်စီအေက လက်မှတ်ထိုးပြီးသားဆိုတော့ ကျနော်တို့က ထပ်ထိုးစရာမလိုဘူး။ မထိုးရသေးတဲ့ အဖွဲ့တွေကတော့ ထပ်စစ်လို့ရသေးတာပေါ့။ ကျနော်တို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတောင် ရောက်နေပြီ။ သွားနေတာ။ နောက်ကြောင်းပြန်လို့ မရတော့ဘူး”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ NCA သဘောတူညီချက်များအတိုင်း အစိုးရသစ်အား အာဏာလွှဲပြောင်းလိုက်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ဆက်လက် အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း သူက ပြောသည်။

“ဒီလက်ရှိ အစိုးရက အစိုးရသစ်ကို အာဏာလွှဲတဲ့အချိန်မှာ အမွေဆက်ခံရမှာပေါ့။ လွှဲပြောင်းပြီးတဲ့အချိန်မှာ ပါသွားမှာပဲလေ။ လွှတ်တော်ကလည်း အတည်ပြုပြီးသားဖြစ်နေတော့ လွှတ်တော်အတည်ပြုပြီးသား ကိစ္စတစ်ရပ်က နောက်ကြောင်းပြန်လှည့်လို့ မလွယ်ဘူးလေ”ဟု သူက ပြောသည်။

အလားတူ NCA ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီး ဖြစ်သောကြောင့် အစိုးရသစ်နှင့် ထပ်မံ ဆွေးနွေးစရာ မလိုတော့ဘဲ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသာ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

“အန်စီအေကတော့ ကျနော်တို့ လွှတ်တော်မှာလည်း အတည်ပြုပြီးပြီဆိုတော့ ကျနော်တို့ အဲဒီမှာ ဆွေးနွေးစရာ မလိုတော့ဘူး။ ဒီအပေါ်မှာပဲ အခြေခံပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပါပဲ။ အစိုးရသစ်ကတော့ အန်စီအေကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပြန်ပြီး review ပြန်လုပ်ရမှာ။ အန်စီအေကို အခြေခံပြီးတော့ ပြုပြင်ပြောင်းလဲမှုကို အစုအဖွဲ့အကုန်လုံးက လက်ခံပြီး ပြုပြင်ပြောင်းလဲလို့ ရတာပဲ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီဇင်ဘာလ ၈ ရက်က NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် NCA ကို နောက်တက်လာမည့် အစိုးရအနေဖြင့် လိုအပ်သလို၊ ဖြည့်စွက်ကာ ဆက်လက် အကောင်အထည်ဖော်ရမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဒီဇင်ဘာလ ၁ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစိုးရသစ်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် အစည်းအဝေး တစ်ရပ် ကျင်းပမည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နှင့် အစိုးရတို့ ၂၀၁၄ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် NCA စာချုပ် ဆွေးနွေးမှု၊ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...