ဦးနာအောက်လှူဒါန်းခဲ့သော ကော့နှတ်ဘုရားသို့ နိုင်ငံခြားသားလာရောက်မှုတိုးလာဟုဆို

ဦးနာအောက်လှူဒါန်းခဲ့သော ကော့နှတ်ဘုရားသို့ နိုင်ငံခြားသားလာရောက်မှုတိုးလာဟုဆို
ကော့နှတ်ကျောင်းဆောင်(MNA)
ကော့နှတ်ကျောင်းဆောင်(MNA)
မော်လမြိုင်မြို့နှင့် မိုင် ၂၀ အကွာခန့်တွင်တည်ရှိသော မွန်သူဌေးကြီး ဦးနာအောက်လှူဒါန်းခဲ့သည့် ကော့နှတ်ကျေးရွာဘုရားသို့ ယခုနှစ်တွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များလာသည်ဟု ကော့နှတ်ဘုရားဂေါပကအဖွဲ့မှ သိရသည်။

ကော့နှတ်ဘုရားရှိ နှစ်ပေါင်းရာကျော်ရှိ သိမ်တော်များ၊ ကျောင်းဆောင်များနှင့် စေတီဘုရားပုထိုးများကို ကော့နှတ်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်များနှင့် ဘုရားဂေါပကအဖွဲ့များမှ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပြီး ဘုရားဂေါပကအဖွဲ့ဝင် ၅ ဦးက လာရောက်လည်ပတ်သူများအား စာရင်းပြုစုထားခြင်း ဖြစ်သည်။

ဂေါပကအဖွဲ့ဝင် နိုင်ထွန်းက “နိုင်ငံခြားသားတွေ လာလေ့လာတယ်၊ ဓါတ်ပုံတွေရိုက်ပြီးတော့ ပြန်သွားကြတာပဲ။ ထိုင်းကလာတဲ့ ဗုဒ္ဓဘာသာတွေလောက်ပဲ နည်းနည်းပါးပါးလှူဒါန်းတာရှိတယ်။ အရင်ကတော့တစ်လကို ၁၀ ဦးလောက်ပဲ လာတာရှိတယ်။ ဒီနှစ်အတွင်းမှာပဲ တစ်လကို ၂၀ ကနေ ၃၀ လောက်အထိလာကြတယ်။ တစ်နှစ်လုံးဆိုရင်တော့ အယောက် ၂၀၀ ကနေ ၃၀၀ ကြားလောက်ရှိမယ်” ဟု ပြောသည်။

နံရံဆေးရေးပန်ချီများ၊ မှန်စီရွှေချထားသည့်တိုင်လုံးများနှင့် ပန်းပုလက်ရာများက နိုင်ငံခြားသားခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စေသည်။ အဆောက်အအုံအတွင်းရှိ နံရံဆေးရေးပန်းချီများ ပျက်စီးနေသော်လည်း ပြန်လည်ပြုပြင်ရန်အတွက် ပညာရှင်များမရှိခြင်းနှင့် ပြုပြင်လိုက်ပါက ရှေ့ဟောင်းလက်ရာများနှင့် မတူတော့မည်ကို စိုးရိမ်သောကြောင့် မူလအတိုင်းထားရှိထားကြသည်။

ကော့နှတ်ကျေးရွာသား ကိုအောင်ထူးက “ဘုရားကိုလှူဒါန်းခဲ့တာလည်း ဒီရွာကလူပဲ၊ ပြီးတော့အခုကလေးတွေလည်း ဒါတွေကိုမြင်တွေ့ရတော့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘုရားဖူးဧည့်သည်တွေလာရင် ဂေါပကတွေ လိုက်ရှင်းပြပေးတယ်၊ နိုင်ငံခြားသားဧည့်သည်တွေဆိုရင် သူတို့လမ်းပြပါလာတယ်။ ဒါပေမယ့်သူတို့မသိတဲ့ အကြောင်းတွေဆိုရင် ကျွန်တော်တို့က ရှင်းပြပေးပါတယ်” ဟု ပြောသည်။

ဦးနာအောက်လှူဒါန်းခဲ့သောဘုရားပုထိုးများရှိ နံရံဆေးရေးပန်းချီများနှင့် နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်းတို့သည် မန္တလေးနေပြည်တော်ရှိ ပညာရှင်များအား ခေါ်ယူဆောက်လုပ်စေခဲ့ကြောင်း ဦးနာအောက်၏ အထ္ထုပ္ပတ္တိစာအုပ်တွင် ဖော်ပြထားပြီး အတွင်းပိုင်းနံရံများတွင် ပန်းချီများအစား ရုပ်လုံးရုပ်ကြွများဖြင့် မွန်၊မြန်မာမင်းတို့၏ အထ္ထုပ္ပတ္တိများကို ပြုလုပ်ရေးဆွဲထားသည်။

မွန်သူဌေးကြီးဦးနာအောက်လှူဒါန်းခဲ့သော ဘုရားပုထိုးများ၊ ကျောင်းဆောင်များသည် ယနေ့အချိန်တွင် သမိုင်းဝင်အဆောက်အအုံများအဖြစ် ကျန်ရှိနေပြီး မွန်လူမျိုးတို့အဖို့ ဂုဏ်ယူစရာတစ်ခုအဖြစ် ကျန်ရှိစေခဲ့သည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...