"ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ နှစ်ပေါင်း၆၀ကျော်ကြာနေတဲ့ ပြည်တွင်းစစ်ဟာ အထူးသဖြင့် ဒီလူမျိုးရေးခွဲခြားဆက်ဆံမှုက လာတယ်ဆိုတာ ငြင်းလို့မရဘူး" ဟု အခြေခံဥပဒေဆိုင်ရာ ပညာရှင် ဦးမြတ်ကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းမှုများ ဖြစ်ပေါ်နေသော်လည်း တိုင်းရင်းသားလူမျိုးများစွာဖြင့် ပေါင်းစုစည်းထားသော နိုင်ငံဖြစ်သောကြောင့် လူမျိုးတစ်မျိုးမျိုးဖြစ်မှုကို အခြေခံပြီး ခွဲခြားမှုများမှာ အများဆုံးဖြစ်ကြောင်း ယနေ့ပွဲ ပြုလုပ်ရသော အကြောင်းရင်းများတွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု ကင်းစင်ရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး လက်ရှိလူမျိုးရေး ခွဲခြားမှုဆိုင်ရာများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။
"တကယ်ပဲ အေးချမ်းတည်ငြိမ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ပြည့်ဝတဲ့ လူ့အသိုက်အဝန်းကို သွားချင်တယ်ဆိုရင် လူမျိုးရေးခွဲခြားမှုများကို လုံးဝလက်မခံဘဲနဲ့ ဖယ်ထုတ်ရမယ်လို့ ဆွေးနွေးချင်ပါတယ်" ဟု ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်သော မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးစိုင်းဆမ်ခမ်းကပြောသည်။







