ပလက်ဝကို ခရိုင်အဆင့်ဖွဲ့စည်းပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို

ပလက်ဝကို ခရိုင်အဆင့်ဖွဲ့စည်းပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံးဒေသတစ်ခုဖြစ်သော ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်ဖွဲ့စည်းပေးရန် ဒေသခံပြည် သူများက မတ်လ ၂၁ နေ့က လမ်းမပေါ်ထွက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပလက်ဝမြို့နယ်သည် လွတ်လပ်ရေးမတိုင်မှီခေတ်တစ်လျှောက်လုံး ခရိုင်အဆင့်ဖြင့် နေလာခဲ့သော်လည်း လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းတွင် ခရိုင်အဆင့်ပျောက်ကွယ်သွားပြီး ခရိုင်အဆင့် ပြန်လည်ဖွဲ့စည်းပေးရန် အကြိမ်ကြိမ်တောင်း ဆိုခဲ့သော်လည်း မရနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်ထွန်းကပြောသည်။

“ လွတ်လပ်ရေးရကတည်းက ခရိုင်အဆင့်အတန်း ပျောက်သွားတယ်ဗျ။ ဟိုတုန်းကတော့ အင်္ဂလိပ်ခေတ်တလျှောက်လုံး နှစ်ပေါင်း ရ၀ ကျော်ခရိုင်အဆင့်နဲ့ နေလာတဲ့ဥစ္စာ၊ လွတ်လပ်ရေး ရလာကတည်းကစပြီး ခရိုင်အဆင့်အတန်းပျောက်ပြီး မြို့နယ်အဆင့်နဲ့ပဲ အခုထိသွားနေရတယ်၊ အုပ်ချုပ်ရေးအဆင့်အတန်း လျော့ကျသွားတဲ့ဟာက ကျနော်တို့အတွက် အခွင့်အရေးဆုံးရှုံးမှုပေါ့ဗျာ၊ ကျနော်တို့ရသင့်ရထိုက်တဲ့ ဆုံးရှုံးသွားတဲ့အခွင့်အရေးကို ကျနော်တို့ပြန်တောင်းတာပါ’’ ဟု ဦးကျော်ထွန်းကပြောသည်။

အင်အား ၂၀၀ ခန့်ရှိသော ပလက်ဝဒေသခံပြည်သူများသည် ပလက်ဝမြို့ ရိက္ခာရပ်ကွက်မှ နံနက် ၁၀ နာရီခန့်က ဆန္ဒပြမှုကို စတင်ခဲ့ကြ ပြီး “ ပလက်ဝ ခရိုင်ချက်ချင်းဖွဲ့စည်းပေး”၊ “မတူပီခရိုင်အောက် ထားရှိရေးအလိုမရှိ” စသည့် ပိုစတာများကို ကိုင်ဆောင်ကာ လမ်းတလျှောက် ကြွေးကြော်သံများ ဟစ်ကြွေးပြီး နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည် ဟု သိရသည်။

ပလက်ဝမြို့နယ်သည် ယခုလက်ရှိတွင် မင်းတပ်ခရိုင် လက်အောက်တွင် တည်ရှိပြီး ၊ မတူပီမြို့နယ်ကို ခရိုင်အဆင့်ဖွဲ့ စည်းပြီးပါက မတူပီ ခရိုင်လက်အောက်တွင် ထားရှိရန် ချင်းပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေရှ့် နှင့် အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသော ဒေသ တစ်ခုဖြစ်သော ပလက်ဝမြို့နယ်သည် မြန်မာ နှင့် အိန္ဒိယအစိုးရတို့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တည်ရှိရာ ဒေသလည်းဖြစ်သည်။

အချက်အချာကြသော မြို့နယ်တစ်ခုဖြစ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းမှုကြောင့် ပလက်ဝသည် အထီးကျန်စံသည့် မြို့တစ်မြို့ဖြစ်ခဲ့ရပြီး ခရိုင်အဆင့်အတန်း ပျောက်ဆုံးသည့် အချိန်ကတည်းက ဌာနဆိုင်ရာလုပ်ငန်းပိုင်များလည်း အခက်အခဲများစွာ ကြံုနေရသည်ဟု ဦးကျော်ထွန်းကပြောသည်။

“ ဌာနဆိုင်ရာအားလုံးပေါ့ဗျာ အတော်လေးကို အခက်အခဲရှိပါတယ်၊ နောက်တရားစီရင်ရေးမှာလည်းပဲ ကျနော်တို့ ခရိုင်းတုန်း ကတော့ ခရိုင်ပါ၀ါရှိတယ်ပေါ့ဗျာ။ အခုတော့ ပလက်ဝတရားရုံးတွေမှာ အမှုကြီးတွေဆိုရင် မလုပ်နိုင်တော့ဘူး၊ စစ်တွေကနေ လာလုပ်ပေးတယ်၊ စစ်တွေကနေ လာစစ်ပေးတယ်၊ အဲလိုလုပ်နေရတဲ့အခါကျတော့ အချုပ်သမားတွေ အမှုကြီးသမားတွေ ပေါ့ဗျာ အချုပ်ထဲမှာ နှစ်ရှည်နေရတဲ့ဒုက္ခတွေ၊ ခရိုင်ရလာလို့ရှိရင် ကျနော်တို့က အများကြီးလုပ်ပိုင် ခွင့်တွေရှိလာမယ် တရားသူကြီး၊ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာတွေအားလုံး အဆင်ပြေလာမယ်’’ ဟု သူကပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...