မြေပြင်၊ ဝေဟင်မှ ထိုးစစ်ဆင်မှုကြောင့် အပစ်ရပ်ဆွေးနွေးပွဲ အချည်းနှီးဖြစ်ရဟု UNFC ပြော

မြေပြင်၊ ဝေဟင်မှ ထိုးစစ်ဆင်မှုကြောင့် အပစ်ရပ်ဆွေးနွေးပွဲ အချည်းနှီးဖြစ်ရဟု UNFC ပြော
by -
မဇ္ဈိမ
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ရ ကြိမ်မြောက် ဆွေးနွေပွဲ ၆ ရက်မြောက်နေ့ကို မတ်လ ၂၂ ရက်နေ့လည် ၁၂ နာရီတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ရ ကြိမ်မြောက် ဆွေးနွေပွဲ ၆ ရက်မြောက်နေ့ကို မတ်လ ၂၂ ရက်နေ့လည် ၁၂ နာရီတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်တွင် အစိုးရဘက်မှ မြေပြင်သာမက ဝေဟင်ပါ စစ်ဆင်ရေးအရှိန် တိုးမြင့်ခြင်း ထပ်မံ ဖြစ်ပေါ်လာခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေး တွေ့ဆုံဆွေးနွေးမှုအား အချည်းနှီးဖြစ်စေပြီး ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) က မတ်လ ၂၈ရက်တွင် ပြော ဆိုလိုက်သည်။

 “ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ အရှိန်လျော့ချနိုင်ရေးအတွက် ညှိနှိုင်းနေချိန် မြေပြင်သာမကဘဲ ဝေဟင်ပါ စစ်ဆင်ရေးအရှိန်တိုးမြင့်ခြင်းတို့ ထပ်မံဖြစ်ပေါ်နေပြန်သဖြင့် UNFC က လက်ရှိ တွေ့ဆုံဆွေးနွေးမှု အချည်းနှီးဖြစ်ပြီး အချိန်ကုန် လူပန်းဖြစ်ကာ ငြိမ်းချမ်းရေးမျော်လင့်ချက် အလှမ်းကွာဝေးနေဦးမည်ကို အထူးစိတ်မကောင်းစွာ တွေ့မြင်နေရပါသည်ဟု ထည့်သွင်းဖော်ပြထားသည်။  

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့  ရကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းအား တစ်ဆို့စေခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းသွားစေခြင်း အစဉ်အလာ ရင်ဆိုင်ကြံုတွေ့နေရသည်ဟု UNFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့မှ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးမှုကို အလေးအနက် ထား ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။

မတ်လ ၂၁ရက်မှစတင်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သလို၊ မြေပြင်တိုက်ပွဲများလည်း မတ်လ ၂၉ရက်နေ့အထိ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တအာင်းတပ်မတော်(TNLA)နှင့် အစိုးရ စစ်တပ်တို့ မတ်လ ၂၉ရက်နေ့ထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ကိုးကန့်ဒေသဘက်တွင်လည်း အစိုးရ စစ်တပ်က စစ်အင်အားတိုးမြှင့်မှုများ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “အခုမှ တရားဝင် ပြန်လည်ညှိနှိုင်းတွေ့ဆုံဖို့ ပေါ်ပေါက်လာတဲ့ အချိန်မှာ တိုက်ပွဲတွေက အရှိန်နဲ့အဟုန်နဲ့ ထပ်မံဖြစ်ပွားနေတော့ ပြန်ကောင်းလာတဲ့ အခြေအနေကို တဖန်လမ်းကြောင်း လွဲသွားချင်တဲ့ ဖြစ်မှုတွေက မဖြစ်သင့်တဲ့အချိန်မှာ ဖြစ်ပွားတယ်လို့ ကျွန်တော်တို့ဘက်က မြင်တယ်။ ဒီဖြစ်ပွားမှုက တမင်တကာ ကြံရွယ်တာလား။ တိုက်ဆိုင်လို့လား ဆိုတဲ့အမြင်မျိုးကို ကျွန်တော်တို့ တွေးတောကြည့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ဆိုင်တယ်ဆိုတာထက် တမင်တကာလိုမျိုး ဖြစ်နေတဲ့ပုံစံမျိုးကို တွေ့ရတဲ့အခါကြတော့ တွေ့ဆုံဆွေးနွေးမှုကလည်း တန်းလန်းကြီး မပြီးပြတ်သေးဘူး၊ အဲဒီဟာတွေကြောင့် အခုပြန်လည်တွေ့ဆုံဖို့ ကျွန်တော်တို့ သဘောတူထားတဲ့ဟာ ရက်ရွှေ့ရတာမျိုးတွေ ပြောင်းလဲမှု ဖြစ်သွားမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်”ဟု မဇ္စျွိမကို ပြောသည်။

မတ်လ ၂၈ရက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးခင်မောင်ဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ ကယားပြည်နယ် လွိုင်ကော်မြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

မတ်၂၄ရက်က ဖိုးစိန်လမ်း  Green Hill ဟိုတယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ဦးခွန်ဥက္ကာက  "အဲဒီကတော့ အကျိုးစီးပွားပဲ တပ်မတော်က တိုက်တယ်ဆိုတာကလည်း သူတို့မှာ စစ်ရေးမျှော်မှန်းချက်ရှိလို့ စစ်ဆင်ရေးလုပ်တယ်ဆိုတာ အလာကား လုပ်တာ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ ဘက်ကလည်း မိမိကိုယ်ခုခံကာကွယ်ရတယ်၊ မိမ်ိနိုင်ငံရေး ရှင်သန်ဖို့အတွက် စစ်ရေးကို အသုံးပြုရတယ်"ဟု ပြောဆိုခဲ့သည်။

မတ်လ ၁၇ရက်မှ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါ အချက်များကို ၆ ရက်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တစ်ပတ် ရပ်နား၍ ပြန်လည်တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...