မကွေးတိုင်း ကပစ တပ်ရင်းများ ဆောဒေသကို စစ်ကြောင်းထိုး

မကွေးတိုင်း ကပစ တပ်ရင်းများ ဆောဒေသကို စစ်ကြောင်းထိုး

ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်ရင်းများမှ အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက် လာနေသဖြင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄) မှ အင်အား ၅၀၀ ခန့်ပါဝင်သော စစ်အုပ်စုစစ်ကြောင်းသည် ပုံတောင်ခြေရှိ ကျောက်တံခါးကျေးရွာသို့ ရောက်ရှိနေပြီး အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညက ကျောက်မဲတောင်ရွာတွင် ညအိပ်ရပ်နားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဆောမြို့နယ်၊ ကျောက်ထုဒေသဘက်သို့ ဦးတည်ရွေ့လျားနေခြင်းဖြစ်သည်။

အလားတူ လောင်းရှည်ဒေသတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေပြီး လောင်းရှည်အခြေစိုက် ကပစ (၂၅) မှ ထွက်လာသော အင်အား ၅၀၀ ပါ စစ်ကြောင်းနှင့် စလင်းချောင်းအတိုင်း ဆန်တက်လာသည့် ကပစ (၂၁) မှ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းတို့သည် လောင်းရှည်မြို့တွင် ပူးပေါင်းလိုက်ပြီဖြစ်သည်ဟု ဆောဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက မဇ္စျိမသို့ ပြောသည်။

"အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်။ စစ်ကောင်စီက ဆောမြို့နယ်ထဲကို အင်အား ၅၀၀ စီပါတဲ့ စစ်ကြောင်းကြီး နှစ်ကြောင်းနဲ့ ညှပ်ဝင်ဖို့ လုပ်နေတာ။စစ်ကြောင်းနှစ်ခုပေါင်းလိုက်တော့ အင်အား ၆၀၀ ကျော်သွားပြီ။ စစ်ကား ၁၅ စီးအပြင် လမ်းမှာတွေ့တဲ့ ပြည်သူပိုင်ကားနှစ်စီးကိုလည်း ချောဆွဲသွားတယ်။ အခု ည ၈ နာရီဝန်းကျင်မှာတော့ ရှေ့ပြေးအင် အား ၁၅၀ လောက်က တောင်ပို့ကြီးရွာကို ရောက်နေပြီ" ဟု ဆိုသည်။

စစ်အုပ်စုတပ်သည် ဆောမြို့နယ်အတွင်းသို့ အင်အား ၅၀၀ စီပါဝင်သည့် စစ် ကြောင်းနှစ်ကြောင်းဖြင့် ညှပ်၍ စစ် ကြောင်းထိုးနေခြင်းဖြစ်ပြီး ယခုစစ် ကြောင်းများသည် ပြီးခဲ့သည့်ရက်ပိုင်းက တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကြောင်းများဖြစ် သည်။

ပြီးခဲ့သည့်မေလ ၇ ရက်နေ့က ဆိပ်ဖြူ ကပစ (၂၂) မှ ထွက်လာသည့် အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းကို ပေါက်မြို့နယ်ရှိ ပေါက်-ဆိပ်ဖြူလမ်းနှင့် ပုသိမ်-မုံရွာ လမ်းဆုံအနီးတွင် ပေါက်မြို့နယ် ပကဖ၊ ပခုက္ကူခရိုင် ပကဖ၊ မြိုင်မြို့နယ် ပကဖ နှင့် MGY PDF ပူးပေါင်းအဖွဲ့များက ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့သည်။

"မေလ ၇ ရက် မနက် ၁၀ နာရီလောက်မှာ ကင်းပုန်းဝပ်ပြီး စတိုက်ခဲ့တာ။ တိုက်ပွဲအတွင်းမှာ ကပစ (၂၄) ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ပစ်ကူပေးခဲ့တယ်။ စစ်ကောင်စီဘက်က ခုနစ်ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရတယ်။ ကျနော်တို့ ရဲဘော်တယောက်လည်း အသက်ပေး လိုက်ရတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ခုနစ်ဦး သေဆုံးကာ ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို၊ တော်လှန်ရေးအင် အားစုဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟုလည်း ပေါက်မြို့နယ်ပကဖက မေလ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆောမြို့နယ်အတွင်းရှိ ကျေး ရွာများမှ ပြည်သူများသည် စစ်ကြောင်းနှစ်ကြောင်းကြား ညှပ်ပိတ်မိမည့် အခြေ အနေကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရပြီး ဒေသခံတော်လှန်ရေးတပ်များကလည်း အနီးနားဝန်းကျင်ရှိ ပြည်သူများ အထူးသတိပြု သွားလာကြရန်နှင့် စစ်ရေးအခြေအနေကို စောင့်ကြည့်ကြရန် သတိပေးထားသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...