ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများတွင် တပ်မတော် အင်အားစုများကို ဖိတ်ခေါ် သွားမည်ဟု NLD ဆို

ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများတွင် တပ်မတော် အင်အားစုများကို ဖိတ်ခေါ် သွားမည်ဟု NLD ဆို
by -
မဇ္ဈိမ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် တပ်မတော် အင်အားစုများ ပူးပေါင်းပါ၀င်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်သွားမည်ဟု မတ်လ ၂၇ရက်တွင် ကျရောက်သော နှစ် ရ၀ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ပြန်လိုက်သည်။

နှစ် ရ၀ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က  ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၊ ပြည်သူများနှင့်အတူ မပြီးဆုံးသေးသော တရားဥပဒေ စိုးမိုးရေး၊ပြည်တွင်း ငြိမ်း ချမ်းရေးနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို  တပ်မတော်  အင်အားစုများ  ပူးပေါင်းပါ၀င်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါ၀င်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်  ဦးထွန်းထွန်းဟိန်က''ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပါ၀င်မယ်။ တပ်မတော်ကိုလည်း ဖိတ်ခေါ်တာဖြစ်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်တာ တပ်မတော်မပါလို့မှ မရဘဲ။ တပ်မတော်က ပါကိုပါရတော့မယ်။ သူတို့ ပါမလာရင် ပါလာအောင် လုပ်ရမယ်'' ဟုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင်  အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နှင့် ပတ်သက်၍  ''ခုချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနှင့်တပ်မတော် လက်တွဲပြီးလုပ်ဖို့ လိုပါတယ်။ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့မြန်မာတပ်မတော်ကို ဂုဏသိက္ခာ ရှိရှိနဲ့ ရပ်တည်စေချင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျွန်မတို့ တပ်မတော်ဟာ အစကတည်းက ပြည်သူလူထုရဲ့ ရင်ခွင်ထဲက ပေါက်ဖွားလာတဲ့ တပ်မတော်ပါ။ အမြဲလည်းပဲ ပြည်သူလူထုရဲ့နွေးထွေးမှုကို ခံယူနိုင်မှသာလျှင် ဒီတပ်မတော် ထူထောင်ခဲ့တာဟာ အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးမျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်''ဟု ထည့်သွင်း ပြောကြားထားသည်။

ယင်းအပြင်နိုင်ငံရေးသမားနှင့်  လုံခြံုရေး တာဝန်ယူရသော  တပ်မတော်ကြားတွင် နားလည်မှုရှိရန် လိုပြီး နားလည်မှု ရှိရန်အတွက် အစဉ်တစိုက် ကြိုးစားနေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖက်ဆစ်များကို စတင်တိုက်ထုတ်သည့်နေ့ဖြစ်သော  မတ်လ  ၂၇ရက်ကို  တပ်မတော်နေ့ဟု အစိုးရက ခေါ်ဝေါ်သုံးစွဲပြီး အတိုက်အခံပါတီဖြစ်သည့် NLD ကမူ ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်ပတ်လည်ဟု အထူးပြု သုံးစွဲခဲ့သည်။

NLD က ကျင်းပသောနှစ် ရ၀ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင်   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ''၂၀၁၅ခုနှစ် နှစ်ကုန်ဖက်သို့ တဖြေးဖြေး နီးကပ်လာသည်နှင့်အမျှ နိုင်ငံမှာ စိန်ခေါ်မှုက တဖြေးဖြေးပြင်းထန် လာတယ်လို့  မှတ်ယူနေပါတယ်။  တိုင်းရင်းသားပြည်သူ အပေါင်းကလည်း စိတ်တထင့်ထင့်နဲ့ စိုးရိမ်ပူပန်သောက ကြီးထွား များပြားလျက်ရှိနေပါတယ်'' ဟုပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...