ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ရ ခုလုံးနှင့် အခြားသော ရေကာတာ စီမံကိန်းများကို လုံးဝ ရပ်တန့်ပေးပါရန် ရည်ရွယ်ကာ ကချင်ပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဆုတောင်းပွဲကို ဧရာဝတီ၊ မေခ၊ မလိခ မြစ်သုံးခုဆုံရာ မြစ်ဆုံ၌ ပြုလုပ်ခဲ့သည်။
မြစ်ဆုံရေကာတာ စီမံကိန်းများ ရပ်တန့်ရေး အခမ်းအနားသို့ လူထု ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး No Dam ဟူသော စာတမ်းကို ဦးခေါင်းတွင် ပတ်ထားကာ မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရ ရပ်ဆိုင်းရန် မြစ်ဆုံကမ်းခြေတွင် ဝတ်ပြု ဆုတောင်းခဲ့သည်ဟု ကချင်ဖွ့ံဖြိုးရေးကွန်ယက်အဖွဲ့(KDNG)မှ အတွင်းရေးမှူး စာဂျီးက မဇ္ဈိမကို ပြောသည်။
“ကျနော်တို့ ဆုတောင်းဝတ်ပြုတဲ့ အစီအစဉ်၊ နောက်ပြီး မြစ်ဆိပ်ကို ဆင်းပြီးတော့ ဝါးဗူးရေခတ်သောက်တဲ့ အစီအစဉ်တွေ၊ အဲဒီဝါးဗူးမှာ မြစ်ဆုံသင်္ကေတတွေ ကပ်ပြီးမှ၊ တစ်ချို့က ခေါင်းမှာ No Dam မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းပါဆိုတဲ့ကိစ္စတွေ လှုပ်ရှားမှုတွေလုပ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ရ ခုလုံးအား ရပ်ဆိုင်းထားရန် ထုတ်ပြန်ချက်များ ဖတ်ကြားခြင်း၊ ဧရာဝတီ မြစ်ထဲ နှင်းဆီပန်းများမျောခြင်းများ ပြုလုပ်ခဲ့ပြီး စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော မြစ်ဆုံ ဒေသခံများ မိမိဒေသများသို့ ပြန်လည် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက ဦးသိန်းစိန် အစိုးရ လက်ထက်က ရပ်စဲထားသော မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်နိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကို ပို၍ ဖြစ်ပေါ်စေသဖြင့် စီမံကိန်းအား ရပ်စဲခြင်း ထာဝရအဖြစ် သေချာစေရန် အလိုရှိသည်ဟု ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၅၀ ကျော်က ပူးပေါင်းတောင်းဆိုထားသည်။







