ပလောင်တပ်လှုပ်ရှားနေသည့် အနီးတစ်ဝိုက် စစ်တပ်အင်အား တိုးချမှုကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ဟုဆို

ပလောင်တပ်လှုပ်ရှားနေသည့် အနီးတစ်ဝိုက် စစ်တပ်အင်အား တိုးချမှုကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ဟုဆို
by -
မဇ္စျိမ
ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF) လက်အောက်ခံ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး(TNLA) လှုပ်ရှားနေသော နေရာအနီးတဝိုက်သို့ အစိုးရ စစ်တပ်က အင်အား ၃၀၀၀ခန့် တိုးမြှင့်မှုများရှိနေပြီး ဖေဖော်ဝါရီလ ၂၈ ရက်က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLFက ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် နမ့်ဆန်၊ ကျောက်မဲ စသည့် မြို့နယ်များသို့ အစိုးရ စစ်တပ်ကား ၃၀၀ ခန့် စစ်အင်အား ၃၀၀၀ ခန့် ဖြည့်တင်းထား၍ ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ဒီရက်ပိုင်းမှာ အစိုးရ စစ်တပ်ကားအစီးရေ သုံးရာနီးပါး ကျနော်တို့ဘက် တက်လာတယ်။ အကုန်လုံး ဖြန့်ကျက်ပြီးတော့ နေရာ ယူထားတယ်။ အင်အားက ၃၀၀၀ အထက်မှာ ရှိတယ်။ အစီးတစ်ရာနီးပါးက ကွမ်းလုံဘက်တက်သွားတယ်လို့ သိရတယ်။ ကျန်တဲ့ ကားတွေက ကျနော်တို့ဘက် တိုးထားတယ်။ ဒီအတိုင်းဆိုရင်တော့ အရင်ထက် ပိုပြီး ပြင်းထန်လာနိုင်တဲ့ အနေအထား ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စသည့် မြိုနယ်များရှိ TNLA လှုပ်ရှားနေသော ဒေသများသို့ အစိုးရ တပ်များ တိုးမြင့်ဖြည့်တင်းထားသည်ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီထိ မိနစ် ၃၀ခန့်ကြာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တောင်သုံးဆယ်နှင့် ကွယ်ဟယ်ကျေးရွာအကြားတွင် အစိုးရ တပ်မ ရ၇ တပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် TNLA တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“ဒီမနက်တိုက်ပွဲက နာရီဝက်ကျော်၊ မိနစ် ၄၀ လောက်ကြာဖြစ်တယ်။ အစိုးရ တပ်မ ရ၇ က ကျနော်တို့ လှုပ်ရှားနေတဲ့ နေရာဘက်ကို လမ်းခုလတ်မှာ တိုက်ပွဲဖြစ်တယ်၊ ၁၂ နာရီမှာလည်း နောက်တစ်ကြိမ်ထပ်ဖြစ်တယ်”ဟု သူက ပြောသည်။

ယင်းတိုက်ပွဲအတွင်း အစိုးရ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း ကျဆုံးမှု ရှိခဲ့သည်ဟု သူက ပြောသည်။ ထို့ပြင် မွန်းလွဲ ၁၂ နာရီတွင်လည်း တောင်သုံးဆယ်ကျေးရွာနှင့် မြိုင်ကျေးရွာကြားတွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုလအတွင်း အစိုးရ စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ရ ကြိမ်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)ကိုလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးရန် ပြောဆို၍ အစိုးရ စစ်တပ်က အင်အားဖြည့်တင်းလာခြင်းသည် မှန်ကန်သည့် ဖြေရှင်းခြင်း မဟုတ်ကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

“အာစီအက်စ်အက်စ်ကို နောက်ပြန်ဆုတ်ခိုင်းတယ်။ ဒါပေမဲ့ မဆုတ်သေးဘူး။ ဒီအတိုင်းပဲ ဆက်နေတယ်။ ကျနော် အထင်တာကတော့ သူတို့ တမင်တကာ လုပ်ကြံပြီးမှ ပြောတယ်လို့ပဲ ရှိမယ်။ အာစီအက်စ်အက်စ် ဒီဘက် ရောက်လာတဲ့ အထိလည်း သူတို့ အကူအညီတွေပါတယ်။ သူတို့ပို့ပေးတယ်။ တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်အောင်။ အဲဒါ အပြင်ကို အစိုးရတပ်က ထပ်မံ အင်အားဖြည့်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်မယ်လို့ ပြောတယ်။ အဲဒါကတော့ မှန်ကန်တဲ့ ဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ အခုထပ်မံ ထိုးစစ်တက်လာရင်တော့ တိုက်ပွဲက ဒီထက်ပိုပြီး ပြင်းထန်လာမယ်။ လူထုက ဒီထက်ပိုပြီး ဒုက္ခရောက်နိုင်တဲ့ အနေအထားမျိုးရှိတယ်”ဟု သူက ပြောသည်။

RCSS/SSA ကို လက်ရှိ TNLA နှင့် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာမှ ဆုတ်ခွာပေးရန် ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်များတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)မှ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက RCSS ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော်လည်း ယနေ့ချိန်ထိ တပ်ဆုတ်ခြင်းမရှိသေးသလို၊ လာရောက် ညှိနှိုင်းခြင်းလည်း မရှိသေးကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်အထိ TNLA နှင့် RCSS/SSAတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက်လှုပ်ရှား ရှင်းလင်းလျက်ရှိသည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်က နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း RCSS/SSA နှင့် TNLAတို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်အထိ တိုက်ပွဲအကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် စုစုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...