ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS-SSA အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံများ ဒုက္ခများ ကြံုတွေ့နေရသဖြင့် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည့်အတွက် ၀င်ရောက်လှုပ်ရှားရှင်းလင်းခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာက ဖေဖော်ဝါရီ ၂၄ တွင် ဖော်ပြထားသည်။
"တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှာက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ၀င်ရောက်လှုပ်ရှား ရှင်းလင်းလျက်ရှိသည်။" ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်များအတွင်း RCSS-SSA နှင့် TNLA တို့သည် ၂၀၁၅ ခု စက်တင်ဘာ ၂၅ ရက်နေ့မှ ယခုနှစ် စက်တင်ဘာ ၂၅ မှ ဖေဖော်ဝါရီ ၁၉ အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကျေးရွာများကို မီးရှို့ခြင်း၊ ရဟန်းသံဃာများကို ဖမ်းဆီးခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲရေးသားထားသည်။
တိုက်ပွဲဖြစ်ပွားသည့် ကျောက်မဲခရိုင်အတွင်းမှ ဒေသခံ ၃၆၀၀ ဦးကျော်သည် ကျောက်မဲမြို့ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ် တို့ရှိ ကျေးရွာများသို့ တိမ်းရှောင်ကြရသည်ဟု သတင်းစာမှ သိရသည်။
တပ်မတော်က အဆိုပါတိုက်ပွဲများကို နည်းမျိုးစုံဖြင့် စောင့်ကြည့်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက RCSS-SSA ရွက်ဆစ်အဖွဲ့မှ JMC-S ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးစိုင်းအောင်မြထံသို့ SSA ရွက်ဆစ်အဖွဲ့၏ နယ်မြေကျော်ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ဆိုသည်။ အလားတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန MPC သို့လည်း အကြောင်းကြားခဲ့ကြောင်းသိရသည်။
RCSS-SSA ရွက်ဆစ်အဖွဲ့က "သတ်မှတ်နေရာ" သို့ ပြန်ထွက်ခွာမည်မဟုတ်ဟု အကြောင်းပြန်ကြားသည့်ပြင် လက်နက်ကိုင်အင်အားထပ်တိုးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၁) ပုဒ်မ (၂၀) (င) နှင့် အခန်း (၇) ပုဒ်မ (၃၄၁) အရ နယ်မြေခံတပ်များဖြင့် တိုက်ပွဲဖြစ်နယ်မြေအတွင်း ၀င်ရောက်လှုပ်ှရားနေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ရှင်းလင်းနေသည်ဟု သတင်းစဉ်က ဖော်ပြသည်။







