ယင်းကဲ့သို့ တောင်းဆိုကြောင်းကို သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ဖေဖော်ဝါရီ ၂၂ရက်က အချက်(၇)ချက်ပါ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့် သဘောထားကတော့ သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို လုံးဝ ရပ်ဆိုင်းပစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝ ပတ်ဝန်းကျင်အနေနဲ့ပဲ ကြည့်ကြည့်၊ လူမှုရေးဖက်ကပဲကြည့်ကြည့်၊ ငြိမ်းချမ်းရေးဘက်ကပဲ ကြည့်ကြည့် ဒေသခံ လူထုတွေကို အကျိုးပြုတာ လုံးဝမတွေ့ရသလောက် နည်းတယ်လေ"ဟု သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်မှ ကိုသိန်းဇော်က ပြောသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကြောင့် ဒေသခံ တိုင်းရင်းသားများ လူ့အခွင့်ရေးချိုးဖောက်ခံရမှု၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုများရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တင်းမာမှုများ ဖြစ်လာနိုင်သည့်အပြင် မြန်မာ့တပ်မတော်အနေဖြင့် လုံခြံုရေးအရ နယ်မြေချဲ့ထွင်မှုများ ပြုလုပ် လာနိုင်သည့်အတွက် ဒေသခံတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ သံလွင်မြစ်ပေါ်ရှိ ရေကာတာများ ရပ်ဆိုင်းပစ်ရေးနှင့် ပတ်သက်၍ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ တရားဝင်အကြောင်းကြားစာ ပေးပို့သွားပြီး ညှိနှိုင်း ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
"သံလွင် မြစ်ပေါ်က ရေကာတာတွေ ဆိုတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ကိစ္စတွေပါ။ နောက်တစ်ခါ ကျန်တဲ့ ကိစ္စတွေကလည်း အသေအချာ အလေးအနက် စဉ်းစားရမယ့် ကိစ္စတွေပါပဲ။ သို့သော်လည်း ဘာတွေလုပ်မယ် ဘယ်လို ဖြစ်မယ်ဆိုတာကတော့ ပြောဖို့စောပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ်ဖွဲ့မယ်ဆိုတာမှာလည်း ဘယ်သူတွေပါမယ် ဘယ်လိုပုံစံဖွဲ့မယ်ဆိုတာ ပြောဖို့ကစောနေသေးတယ်လေ။ ခုထိတော့ သူတို့အနေနဲ့လည်း ဘာမှ တရားဝင်ပြောထားတာ မရှိသေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများနှင့် အကျိုးတူပူးပေါင်း၍ သံလွင်မြစ်ပေါ်တွင် နောင်ဖ၊ တာဆန်း၊ ရွာသစ်၊ ဝဲကြီးနှင့် ဟတ်ကြီး စသည့်ရေကာတာ (၅)ခု ဆောက်လုပ်သွားမည် ဖြစ်ပြီး ယင်းရေကာတာ (၅)ခုမှ လျှပ်စစ်စွမ်းအင် ၁၅,၀၀၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံပိုင် ကုမ္ပဏီများမှ မြန်မာနိုင်ငံအတွင်း လုပ်ပိုင်ခွင့်ရရှိထားသည့် ရေကာတာစီမံကိန်း (၂၉)ခုအနက် (၁၈)ခုကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် သဘောတူစာချုပ်ကို ဖေဖော်ဝါရီလ ၂ရက်က နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။







