ဖေဖော်ဝါရီ ၂၂ရက်က နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် I-12တွင် တိုင်းနှင့် ပြည်နယ် ၁၂ခုမှ NLDပါတီဝင် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ၂နာရီခန့်ကြာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
"အစိုးရလည်း အပြောင်းအလဲမလုပ်သေးဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်လုပ်တဲ့နေရာမှာ သတိရှိရှိနဲ့ မမှားအောင်ပေါ့လေ။ အဲ့ဒါလေးကို သတိပေးတဲ့သဘောပါ" ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့က တွေ့ဆုံမှုအပြီးတွင် ပြောသည်။
လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် လာမည့် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့နောက် နိုဝင်ဘာရွေးကောက်ပွဲများ တွင် အပြတ်အသတ်အနိုင်ရထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီက အစိုးရတစ်ရပ်က အစိုးရတာဝန်ကို ထမ်းဆောင်တော့မည်ဖြစ်သည်။
တွေ့ဆုံမှုတွင် ပြည်သူများစိတ်ပျက်စေမည့် အလုပ်မျိုး မလုပ်ကြဖို့ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများကို ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့သေးသည်ဟုလည်း NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။
"စေတနာနဲ့လုပ်ရမယ်။ အဂတိတရားကင်းစင်တဲ့ဟာတွေရှေးရှုပြီးတော့ အထူးသဖြင့် တိုင်းသူပြည်သားစိတ်ပျက်မယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်ဖို့ ဩဝါဒပေးတဲ့သဘောပါ" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့်တွေ့ဆုံရာတွင်ပါဝင်သည့် ဦးဝင်းထိန်က တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များကို ပြောသည်။
ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများမှအပ အခြားတိုင်းနှင့်ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် I-12တွင် မွန်းလွှဲ ၁နာရီ ၅၀မိနစ်မှ ၃နာရီ ၅၀မိနစ်ခန့်အထိ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အဆိုုပါ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုုင်းတိုုင်း၊ တနင်္သာရီတိုုင်း၊ ပဲခူးတိုုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုုင်း၊ ရန်ကုုန်တိုုင်း၊ ဧရာဝတီတိုုင်းမှလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုုတိယဥက္ကဋ္ဌများအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုုအလုုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော့်မြင့်မောင်နှင့် ဦးဝင်းထိန်တို့လည်း တက်ရောက်ကြသည်။







