ထိုသို့အသင်းဝင်ကဒ်များ ပေးအပ်ခံရသူများသည် ယခင်က ဘာသာမဲ့များ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယန်ဘာသာကို ကိုးကွယ်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဖြစ်သည်ဟု လက်ထောက်သာသနာပြု ဦးစုဖူး(သဒ္ဓမ္မဇောတိကဓဇ)က ဆိုသည်။
"ဘာသာမဲ့တွေများတယ်။ သူတို့ကိုအဓိကထားပြီး ဗုဒ္ဓတရားဒေသနာတွေ၊ ဆုံးမသြဝါဒတွေပြောပြပြီး ကျေးရွာတွေမှာ စည်းရုံးဟောပြောမှုတွေလုပ်ရတယ်။ အဓိက တောင်ပေါ်ကျေးရွာတွေမှာ သွားပြီး ယဉ်ကျေးမှုသင်တန်းတွေ၊ဓမ္မစကူးတွေဖွင့်ပြီး လုပ်ရတယ်။ အခုလည်း လုပ်နေတယ်။ဒီလိုလုပ်လို့လည်း အခုလို ဗုဒ္ဓဘာသာဘက်ကူးပြောင်းလာကြတာပါ။"ဟု ဦးစုဖူးကပြောသည်။
အဆိုပါမြို့နယ်များသို့ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးနှင့်တောင်တန်းသာသနာပြုအဖွဲ့မှ ဆရာတော်များက ဦးဆောင်၍ ၂၀၁၃ခုနှစ်မှစတင်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သောကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသူများ တိုးပွားလာခြင်းဖြစ်သည်ဟု တောင်တန်းသာသနာပြု၊ မိုးကုတ်မြို့၊ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် စာသင်တိုက် ပဓာန နာယက ဒေါက်တာအရှင် တေဇောသာရာဘိဝံသ(Ph.D)က မိန့်ကြားသည်။
"ဘုန်းကြီးတို့က လိုအပ်တာတွေထောက်ပ့ံတယ်။ စိုက်လို့ပျိုးလို့မရတဲ့နေရာတွေဆိုရင် အစားအသောက်က အစ ထောက်ပံ့ပေးတယ်။ သူတို့ဘဝတွေ ငြိမ်းချမ်းဖို့ တရားရေအေးတိုက်ကျွေးတယ်။ အဲလိုတွေလုပ်လို့ ဒီနေ့အောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။" ဟု ဒေါက်တာတေဇောသာရာဘိဝံသ(Ph.D)က မိန့်ကြားသည်။
ဆက်လက်၍ ဆရာတော်က ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများကို ဗုဒ္ဓဆင်းတုတော်များပေးလှူခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လျှပ်စစ် နှင့်စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်သာသနာရေးဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိမ်းမောင်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများလည်း တက်ရောက်သည်။
လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ သာသနာရေးဝန်ကြီး ဦးစိုင်းထွန်ရင်က "တောင်တန်းဒေသတွင် ဗုဒ္ဓဘာသာပြန့်ပွားရေး၊ရတနာသုံးပါးကို စည်းကပ်ကိုးကွယ်ခွင့်ရရှိရေး၊ သာသနာအဓွန့်ရှည် တည်တ့ံရေးအတွက် ဦးဆောင်ဦးရွက်လုပ်တဲ့ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို ကျေးဇူးတင်ကြောင်း၊ ယခုလို ဗုဒ္ဓဘာသာဝင်များတိုးပွားလာခြင်းကို ဝမ်းမြောက်ကြောင်း"ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများကို လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ သာသနာရေးဝန်ကြီး ဦးစိုင်းထွန်ရင်က အသင်းဝင်ကဒ်များ ပေးအပ်ခဲ့သည်။
ဗုဒ္ဓဘာသာသို့ ပြောင်းလာသူတစ်ဦးဖြစ်သူ မမူသိန်းမေက "ဆရာတော်ရဲ့တရားကို နားကြားပြီးကတည်းက ဗုဒ္ဓကို ကိုးကွယ်ချင်လာတယ်။ ပြီးတော့ သာသနာပြုလာတဲ့ ဆရာဦးစုဗူးတို့ရှင်းပြတဲ့ တရားတွေကို သက်ဝင်လာပြီး အခုလိုကူးပြောင်းတာပါ။ အရင် ဘာသာမရှိပါဘူး။" ဟုပြောသည်။







