ကျုံဒိုးက မြစ်ကူးဂိတ်အချို့ကို စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိအဖွဲ့ ပိတ်ချပြီး ငွေကောက်

ကျုံဒိုးက မြစ်ကူးဂိတ်အချို့ကို စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိအဖွဲ့ ပိတ်ချပြီး ငွေကောက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့် ဟောင်သရောမြစ်ဆုံဂိတ်မှလွဲ၍ ကျန်ဂိတ်များကို ဧပြီလ(၂၀)ရက်နေ့မှစ၍ ပိတ်ထားပြီး မြစ်ဆုံဂိတ်တွင်လည်း ကမ်းကူးခကောက်ခံနေကြောင်း ဒေသခံများကပြောသည်။

ဂျိုင်းတံတားအနီးရှိ သရက်တောရွာဂိတ်မှလွဲ၍ ကျန်ရှိ ကမ်းနီ၊ ညောင်ရိပ်သာ၊ ငှက်ပျောတောဂိတ်များကို စစ်အုပ်စုနှင့်ပူးပေါင်းအဖွဲ့က ပိတ်ထားခြင်းဖြစ်ပြီး ဇက်ဖောင်ဖြင့်ကမ်းကူးခကောက်ခံနေသည်ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

"ကမ်းနီ၊ ‌ညောင်ရိပ်သာ၊ ငှက်‌ပျောတောဘက်တွေက ကမ်းကူးဇက်ဖောင်တွေပိတ်ထားတယ်။ အခုကမ်းကူးချင်ရင် ဂျိုင်းတံတားနားက သရက်တောရွာဘက်ကစစ်တပ်နဲ့ DKBA ကိုငွေပေးပြီးကူးရတယ်" ဟု ၎င်းဒေသခံက ပြောသည်။

ဂျိုင်း/ကော့ကရိတ်တံတားအနီး သရက်တောရွာဘက်သို့ ကမ်းကူးလိုသူများက ဇက်ဖောင်ဖြင့်ဆိုင်ကယ်တစ်စီးကူးခအဖြစ် ငွေကျပ် ၁၅,၀၀၀၊ ဖောင်ပေါ်ဆိုင်ကယ်ထမ်းတင်ခ ကျပ် ၅‌,၀၀၀ ကို စစ်အုပ်စုနှင့်ပူးပေါင်းအဖွဲ့ထံ ပေးရသည်။ ထိုင်းကုန်ပစ္စည်းများကိုမူ တစ်ဖက်ကမ်းသို့သယ်ယူ၍မရကြောင်း ဒေသခံများကဆိုသည်။

ကျုံဒိုး ကမ်းကူးဂိတ်များပိတ်ထားသည်မှာ ယနေ့အပါအဝင် တစ်ပတ်ကျော်ကြာရှိသည်။ 

ကျုံဒိုးစစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူပြောပြချက်အရ ကျုံဒိုးအခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၅၄၅)မှ တပ်ဖွဲ့ဝင်(၆)ဦး လက်နက်ခဲယမ်းများသယ်ဆောင်ကာ ဟောင်သရောမြစ်တစ်ဖက်ကမ်းသို့ထွက်ပြေးသွားသောကြောင့် ဂိတ်ပိတ်ခြင်းဖြစ်သည်ဟု သိရသည်။

"သင်္ကြန်ပြီးတော့ ကျုံဒိုးတပ်က စစ်သားသစ်(၆)ယောက် သေနတ်တွေနဲ့ထွက်ပြေးတာ ပြန်မမိသေးဘူး။ အဲဒါကြောင့် ညတိုင်းလည်းကင်းပတ်တယ်။" ဟု ကျုံဒိုးစစ်တပ်အသိုင်းအဝိုင်းနီးစပ်သူက ကေအိုင်စီကို ပြောသည်။

ကေအိုင်စီအနေဖြင့်မူ ဂိတ်ပိတ်သည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ရန်ကြိုးပမ်းနေဆဲဖြစ်သည်။

လတ်တလောတွင် ကျုံဒိုးမြို့ဝင်၊ မြို့ထွက်နေရာများနှင့် ဟောင်သရောမြစ်ကမ်းနားပိုင်း နေထိုင်သည့် မြို့ပြင်ရပ်ကွက်များ၊ အမှတ်(၃)ရပ်ကွက်မှ ကျုံဒိုးဂျိုင်းတံတားလမ်းပိုင်းအထိအား စစ်အုပ်စုနှင့်ပူးပေါင်းထားသောအဖွဲ့အင်အား(၂၀၀)ဝန်းကျင်ဖြင့် လုံခြုံရေးချစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းရှိသည်။

ထို့အတူ ညပိုင်း လမ်းသွားလမ်းလာများကို ဖမ်းဆီး တပ်သားစုဆောင်းမှုများပြုလုပ်နေသလို ဂျိုင်းတံတားစစ်ဆေးရေးဂိတ်ဝင်းအတွင်း စစ်သင်တန်းပေးနေကြောင်းလည်း ကျုံဒိုးစစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...