ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်က ဦးခင်အောင်မြင့်၏ ရုံးခန်းတွင် မီဒီယာ သုံးခုမှ သတင်းထောက်များ နှင့် တွေ့ဆုံရာတွင် သတင်းထောက်တစ်ဦးက မည်သူ ့ကို သမ္မတဖြစ်စေချင်လဲဟု မေးမြန်းရာ ယခုကဲ့သို ့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပြတ်သားတဲ့ခေါင်းဆောင်ပေါ့။ ပြည်သူလူထုအများစု ထောက်ခံချက် ယုံကြည်အားထားခြင်းခံရတဲ့ ခေါင်းဆောင် အဲ့လိုခေါင်းဆောင် ဖြစ်စေချင်တယ်။ By Name တော့ မပြောလိုပါဘူး။ ဒါသိပါတယ်”ဟု ဦးခင်အောင်မြင့်ကပြောသည်။
ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်နိုင်မည်မဟုတ်သည်ကို သိရှိသော်လည်း သမ္မတ ရာထူးတာဝန်ကို မည်သည့် ပုဂ္ဂိုလ် လက်ခံသည်ဖြစ်စေ နိုင်ငံတော်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ရိုသေလေးစားသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) ဖြစ်သူ ဦးခင်အောင်မြင့်ပြောကြားသည့် လူထုထောက်ခံမှု အများဆုံးရရှိထားသူဆိုသည်မှာ ရွေးကောက်ပွဲတွင် ထောက်ခံမဲအများဆုံးရခဲ့သည့် NLD ပါတီ၏ ခေါင်းဆောင်ကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြေပုံမြို ့နယ် ပြည်သူ ့လွှတ်တော်အမတ် အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံထားရသူ ဦးဖေသန်းက သုံးသပ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို သွားပြီးတော့ စိန်ခေါ်ရင်တော့ တပ်မတော်က လက်ခံမှာမဟုတ်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်တယ်ဆိုပေမယ့် တပ်နဲ ့ညှိနှိုင်းမှု အဆင်ပြေမယ်။ သဘောတူညီချက်ရရင်တော့ ဒီ ၅၉(စ) ကို ရပ်ဆိုင်းတယ်ဘာညာ မလုပ်တော့ပဲနဲ ့တစ်ခါတည်း ဖွဲ့စည်းပုံနဲ့ သွားရင်တော့ ပိုပြီးတော့ ကောင်းမယ် သဘာဝလည်းကျတယ်” ဟု ဦးဖေသန်း ပြောသည်။
ဦးခင်အောင်မြင့်သည် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် နာယကအဖြစ် နှစ်နှစ်ခွဲ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေကြီး မဲဆန္ဒနယ် အမှတ် (၈) တွင် အမျိုးသားလွှတ်တော်အမတ် အဖြစ် ထပ်မံ ရွေးချယ်ခံခဲ့ရသည်။







