ပြည်ခိုင်ဖြိုးဦးဆောင်သူများပြန်ရွေးမည့် ပါတီညီလာခံ ကျင်းပမည်

ပြည်ခိုင်ဖြိုးဦးဆောင်သူများပြန်ရွေးမည့် ပါတီညီလာခံ ကျင်းပမည်
by -
မဇ္စျိမ
နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။
နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်မည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖွဲ့များ ပြန်လည်ရွေးချယ်မည့် ဗဟိုညီလာခံကို ဇွန်လကုန်နှင့် ဇူလိုင်လဆန်းအတွင်းကျင်းပရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လျာထားသတ်မှတ်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှသိရသည်။

"ပါတီဥက္ကဋ္ဌဖြစ်တဲ့ သမ္မတကြီးရယ် အခြားအတိုင်ပင်ခံတွေဧပြီမှာ ပါတီကိုပြန်လာမှာ။ နောင်ပါတီညီလာခံမှာ အားလုံးကနုတ်ထွက်ပြီး ဦးဆောင်မယ့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့၊ အထွေထွေအတွင်းရေးမှူးတွေကို ပြန်ရွေးမယ်။ ဗဟိုဦးစီးစနစ်အရတော့ အခုခေါင်းဆောင်တွေထဲက တစ်ဝက်လောက်ကတော့ပြန်ပါမှာပါ။ " ဟု ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ဖေဖော်ဝါရီ ၁၀ရက်တွင် မဇ္စျိမကိုပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း သမ္မတရာထူးမှအနားယူပြီးပါက ပါတီတွင်ပြန်လည်ဦးဆောင်သွားဦးမည်ဟု ဇန်နဝါရီလအတွင်းက ပြောထားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ညီလာခံကို အသင်းမှပါတီအဖြစ်သို့ပြောင်းလဲသည့် ၂၀၁၀ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်မီတစ်ကြိမ် ကျင်းပခဲ့ပြီး၊ ၂၀၁၅ရွေးကောက်ပွဲအပြီး  ဇွန်လအကုန်နှင့် ဇူလိုင်လဆန်းအတွင်း နောက်တစ်ကြိမ် ပါတီညီလာခံကျင်းပရန် လျာထားခြင်းလည်းဖြစ်သည်။

ပါတီညီလာခံက ဗဟိုကော်မတီဝင် ၂၅၀ဦးနှင့် အရံဗဟိုကော်မတီဝင် ရ၀ခန့်ကို ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး ၄င်းတို့မှတဆင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ ပြန်လည်ရွေးချယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင်များမှ ပါတီကို ဦးဆောင်မည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖွဲ့များကို ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။

ပါတီညီလာခံတွင် ခေါင်းဆောင်များပြန်လည်ရွေးချယ်ခြင်းအပြင် ပါတီအတွင်းကျစ်လစ်ခိုင်မာရေးအတွက် အမာခံအဖွဲ့ဝင်များရွေးချယ်ခြင်း၊ ထောက်ပံ့ကြေးများ လျော့ချခြင်းစသည်တို့ကိုလည်း တင်ပြဆုံးဖြတ်နိုင်ရေး ဆောင်ရွက်ရန် ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှသိရသည်။

ပြည်ခိုင်ဖြိုးပါတီက၂၀၁၅ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လ ၁၂ရက်နေ့ညပိုင်းကလည်း ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲအဖြစ် သူရဦးရွှေမန်း၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကိုတို့အပါအဝင် ၁၀ဦးကျော်ကို မူလ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်ရာထူးမှ၊ ဗဟိုကော်မတီနှင့် ရိုးရိုးပါတီဝင်တို့အထိ ရာထူး အပြောင်းအလဲ ပြုလုပ်ထားသည်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာ ၄၀ကျော်သာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားမှရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ် နေရာ ၄၉၈နေရာ (တပ်မတော်သားကိုယ် စားလှယ် ၂၅ရာခိုင်နှုန်း မပါ) အထိရှိသည်။

ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအရ မြို့နယ်အဆင့်အလုပ်အမှုဆောင် ၁၅ဦးဖြင့် မြို့နယ်ပေါင်း ၃၂၅ခု၊ ခရိုင်အလုပ်အမှုဆောင် ၉ဦးဖြင့် ခရိုင်၆၅ခရိုင်နှင့် တိုင်းအလုပ်အမှုဆောင် ၁၅ဦးဖြင့် (နေပြည်တော်ကောင်စီအပါအဝင်)တိုင်း ၁၈ခု (တစ်ချို့တိုင်းနှင့် ပြည်နယ်တို့တွင် တိုင်းအဆင့်အဖွဲ့ ၂ခုထိရှိသည်။ ဥပမာ။ ပဲခူး အရှေ့နှင့် အနောက်ကဲ့သို့) အထိဖွဲ့စည်းထားရှိသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...