နိုင်ငံ့စွမ်းဆောင်ရည်ဆုအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သမ္မတဦးသိန်းစိန် ပေးအပ်

နိုင်ငံ့စွမ်းဆောင်ရည်ဆုအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သမ္မတဦးသိန်းစိန် ပေးအပ်
by -
မဇ္စျိမ
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ
သမ္မတသက်တမ်းကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် ဦးသိန်းစိန်က သူ့သက်တမ်းတွင် နောက်ဆုံးပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆုများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ပေးအပ်ခဲ့သည်။

စွမ်းဆောင်ရည်ဆု ၃၃ဆုအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ဝင်(၉)ဦးအား "နိုင်ငံတော်ကာကွယ်ရေး၊ လုံခြံုရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ကိုယ်ကျိုးစွန့်၍ ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့" ဟုဆိုကာ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရတပ်မတော်ကို နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်ရသည့် အကြောင်းရင်းမှာ "နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတဲ့ဖြစ်စဉ်အပါအဝင်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ် ထိပါးနှောက်ယှက်လာတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ အသက်ခန္ဓာသွေးချွေးပေးဆပ်မှုတွေနဲ့ ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်" ဟု ဖုန်ကြားရှင်အဖွဲ့နှင့်ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများကိုရည်ညွှန်းကာ အခမ်းအနားတွင် ကြေငြာခဲ့သည်။

ထို့ပြင် "၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တာရာယ်တွေကြောင့် ရေကြီးရေလျှံပြီး မြေပြိုမှုတွေနဲ့ ရင်ဆိုင်ကြံုတွေ့ရချိန် မှာလည်း လူအင်အား၊ စက်ယန္တရားအင်အား၊ ရေယာဉ်၊ လေယာဉ်တွေနဲ့ ကယ်တင်ရွှေ့ပြောင်းပြီး ကူညီစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့ပါတယ်" ဟုလည်း ဆိုသည်။

သမ္မတဦးသိန်းစိန် ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် စသူတို့ ပါဝင်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၊ MICC-2ရှိ ညီလာခံခန်းမတွင် ဖေဖော်ဝါရီ ၉ရက်၊ ညနေပိုင်းက ကျင်းပပြလုပ်ကာ ဆုများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများတွင် ပရဟိတသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို ပေးအပ်ခြင်းမရှိဘဲ လက်ရှိ ပြည်ထောင်စုအစိုးရဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အငြိမ်းစားဝန်ကြီးများကိုသာ အများစု ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဆုများတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ငြိမ်းချမ်းရေးကြိုးပမ်းဆောင် ရွက်သည့်အဖွဲ့" အဖြစ် လည်းကောင်း၊ အငြိမ်းစားဝန်ကြီး ဦးခင်ရီဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရန် ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးခင်မောင်စိုးဦးဆောင်သည့်အဖွဲ့အား "လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဦးဆောင်သည့်အဖွဲ့အား "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့"အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးရဲထွဋ်ဦးဆောင်သည့် အဖွဲ့အား "မြန်မာ့အသံ၊ ရုပ်မြင်သံကြား၊ သတင်းစာ အသွင်ပြောင်းလဲရန် ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့အဖြစ် လည်းကောင်း စသည်ဖြင့် အသီးသီး ပေးအပ်ခဲ့သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...