ဘန်းချောင်းကျောက်မီးသွေးတွင်း တစ်နှစ်ဆက်တူးရန် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ခွင့်ပြု

ဘန်းချောင်းကျောက်မီးသွေးတွင်း တစ်နှစ်ဆက်တူးရန် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ခွင့်ပြု
by -
ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းကျေးရွာရှိ ဘန်းချောင်းကျောက်မီးသွေးတွင်း ကို ထိုင်းနိုင်ငံအခြေစိုက် East Star ကုမ္ပဏီအား တစ်နှစ်ဆက်တူးရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ဖေဖော်ဝါရီ ၈ရက်နေ့က ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၊ အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ယနေ့ ပြောသည်။

သူက “ဘန်းချောင်းကျောက်မီးသွေးတွင်းကို တနှစ်ဆက်တူးဖို့ မနေ့က ခွင့့်ပြုလိုက်တယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ဧက ၆၀ အတွင်းမှာပဲ ကေအဲန်ယူ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ လုပ်ရမယ်။ စည်းကမ်းချက်က ၁၀ ကျော် ရှိတယ်။ ဒါကို ကုမ္ပဏီကလည်း သဘောတူတယ်၊ ဒေသခံကလည်း သဘော တူတယ်။ ဒါကြောင့် ဆက်လုပ်ခွင့်ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျောက်မီးသွေးပုံများထားရှိရာ ထားဝယ်မြို့၊ ကွမ်းချောင်းကြီး ကျေးရွာ၊ မူလတန်းကျောင်း၌ ကေအဲန်ယူ တာဝန်ရှိသူများ၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ ကထောင်လိနှင့် သပြုချောင်းရွာတို့မှ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံရွာသားများနှင့် East Star ကုမ္ပဏီတာဝန်ရှိသူ ထိုင်းနိုင်ငံသားသုံးဦးတို့ အပါအဝင် စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြသည့် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။

ထိုနေ့ နေ့လည် ၁၁ နာရီခွဲမှ မွန်းလွဲ ၂ နာရီ နီးပါးအထိ ပြုလုပ်သည့် သုံးပွင့်ဆိုင်အစည်းအဝေးတွင် ဒေသခံများက ကျောက်မီးသွေးတူးဖော်သည့် စွန့်ပစ်ရေများကို ချောင်းအတွင်းစွန့်ပစ်သည့်အတွက် သောက်သုံးရေ အခက်အခဲရှိမှု၊ ကျောက်မီးသွေးပုံမီးလောင်ပြီး အနှံ့ဆိုးများထွက်သည့်အတွက် ကျန်းမာရေး ထိခိုက်မှု၊ မြေဇာပုံများကြောင့် စိုက်ပျိုးမြေများပျက်စီးမှုစသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

ထို့အပြင် အစည်းအဝေးတွင် လတ်တလော ဖြစ်ပေါ်လာသည့် ပြဿနာများကို သုံးပွင့်ဆိုင် ဆွေးနွေးသွားရန် တောင်းဆိုသော်လည်း ကုမ္ပဏီတာဝန်ရှိသူများက အလေးထား ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဘန်းချောင်းဒေသခံ စောတင်ဝင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

“မနေ့က အစည်းအဝေးမှာ အရင်ကဖြစ်တာ မပြောနဲ့တော့၊ စည်းကမ်းအသစ်တွေနဲ့လုပ်မယ်။ ဖြစ်လာ တာ အားလုံး ကေအဲန်ယူနဲ ့ကုမ္ပဏီက တာဝန်ယူဖြေရှင်းပေးမယ် ပြောတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်တယ်လို့ပြောတော့ ရွာသားတွေ လက်ခံရတာပေါ့။ ကျနော်တို့က ခွင့်ပြုချက် မရှိဘဲ ဆက်တူးနေ တာကို ဗဟိုကို တိုင်တော့ ခရိုင်ကိစ္စ၊ ခရိုင်မှာပဲ ရှင်းမယ်။ ဗဟိုနဲ့ မဆိုင်ဘူးလို့ ပဒိုစောသူရဲက ပြောတယ်။ တနှစ်လာလည်း စည်းကမ်းအသစ်နဲ့ လုပ်မယ်ပြောပြီး ဒီအတိုင်းပဲ။ အခုတော့ စောင့်ကြည့် ရတာပေါ့”ဟု ၎င်းက ပြောသည်။

ဘန်းချောင်း၌ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို မြန်မာမေဖလားဝါးကုမ္ပဏီက လုပ်ခွင့်ရရှိထား သလို ထိုင်း East Star ကုမ္ပဏီကိုလည်း လုပ်ခွင့်ပေးထားပြီး ယင်းကုမ္ပဏီက ဘန်းချောင်းဒေသကို ထိန်းချုပ်ထားသည့် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ ခွင့်ပြုချက်ရယူကာ ၂၀၁၂ နှစ်ဦးပိုင်းတွင် ကွမ်းချောင်းကြီးရွာရှိ မြေ ဧက ၆၀ ကို ဟင်းလင်းဖွင့်တူးဖော်ခဲ့နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မီးသွေးလုပ်ငန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် နွေရာသီတွင် တစ်ရက်လျှင် ကျောက်မီးသွေးတန်ချိန် ၄၇၆ တန်ကို ထိုင်းနယ်စပ်သို့ တင်ပို့နေသည်ဟု ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထားဝယ်လူမှုအဖွဲ့အစည်းများထုတ်ပြန်သည့် ဘန်းချောင်းကျောက်မီးသွေးတွင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...