စွပ်စွဲဲမှုများအတွက် အထောက်အထားနှင့် ပြောပါဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဖြစ်လာမည့် ဦးတီခွန်မြတ် ရှင်း

စွပ်စွဲဲမှုများအတွက် အထောက်အထားနှင့် ပြောပါဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဖြစ်လာမည့် ဦးတီခွန်မြတ် ရှင်း
by -
မဇ္စျိမ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် လျာထားခြင်း ခံရသူ ဦးတီခွန်မြတ်သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်သူ၊ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းထားသူ စသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ အထောက်အထားနှင့် ပြောပါဟု ပြန်လည် ရှင်းလင်းလိုက်သည်။

“အထောက်အထားရှိရင် သူတို့ တင်လို့ရပါတယ် ကိုယ်က တပ်မတော်နဲ့ ပူးတွဲပြီးတော့ လူထုရဲ့ နယ်မြေ လုံခြံုရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ ပြန်လှန်ပြီး မပြောချင်ဘူး။ ကိုယ်သာ အဲ့ဒီလို လုပ်ခဲ့မယ်ဆိုရင် ဌာနကကော အစိုးရအဖွဲ့ကကော ဘယ်သူက လက်ခံမတုန်း” ဟု သူက မေးခွန်းထုတ်သည်။

ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်း ဖြစ်သူ ဦးတီခွန်မြတ်က “မလိုလားအပ်လို့ အမျိုးမျိုး ဟိုဟာတာပဲ ရှိပါတယ်။ အန်ကယ်ကတော့ သူတို့ ဒါကို တင်ပါစေ အထောက်အထားနဲ့ တင်ပါ” ဟုလည်း သူက ဖြေရှင်းသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် အကြီးအကဲများ လျာထားသတ်မှတ်ချက်တွင် ယင်းတို့၏ ပါတီဝင်ဖြစ်သော ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မန်းဝင်းခိုင်သန်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း လျာထား ထားသည်။

ရခိုင်အမျိုးသားပါတီ၏ နာယကဖြစ်သူ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျာထားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ဦးတီခွန်မြတ်က “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အန်ကယ်တို့ ပါလာတာပဲ ဖြစ်တယ်။ အခင်းအကျင်းကတော့ ပိုကောင်းလာအောင် လွှတ်တော်ရဲ့ အခန်းကဏ္ဍ ပိုပြီး ပီပြင်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ဖို့ပဲရှိတယ်” ဟု ပြောခဲ့သည်။ အသက် ၆၅နှစ်အရွယ် ဦးတီခွန်မြတ်သည် ပညာအရည်အချင်းအားဖြင့် BA(Law)၊ L.L.B ရရှိထားသူ ဖြစ်သည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...