ကေအိုင်အေ စစ်ဘက် နှင့် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်ငါးဦး ရာထူးအပြောင်းအလဲလုပ်

ကေအိုင်အေ စစ်ဘက် နှင့် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်ငါးဦး ရာထူးအပြောင်းအလဲလုပ်
by -
မဇ္စျိမ
ဓာတ်ပုံ-အီးပီအေ
ဓာတ်ပုံ-အီးပီအေ
ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၏ စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင် ၅ ဦးကို ရာထူးပြောင်းလဲ ခန့်အပ်လိုက်သည်ဟု သိရသည်။

ယခင် KIA စစ်ဦးစီးချုပ် တာဝန်ယူနေသော ဗိုလ်ချုပ် ဂွမ်ထန် ဂမ်ရှောင်ကို KIO၏ ဒု ဥက္ကဋ္ဌ (၁) နေရာသို့ ပူးတွဲ တာဝန် ပေးလိုက်ကာ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို ဒုတိယ ဥက္ကဌ (၂) တာဝန်ကို ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု ဗဟိုကော်မတီမှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

KIO/KIA ၏ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ် ဂွမ်ထန်ဂမ်ရှောင်သည် စစ်ဦးစီးချုပ်တာဝန်ကိုလည်း ဆက်လက် တာဝန်ယူမည် ဖြစ်သည်။ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည် သီးခြားတာဝန်များ ခန့်အပ်ခြင်း မရှိတော့ပေ။ သူ၏ လစ်လပ်သော နေရာတွင် ဗိုလ်မှူးချုပ် ခေါန်လွမ်းနှင့် ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့ကို တာဝန်ခန့်အပ်လိုက်သည်။

“လိုအပ်ချက်အပေါ်မှာ မူတည်ပြီး။ အလုပ်ခွဲဝေတာပါပဲ။ အလုပ်အပေါ်မူတည်ပြီး ကေအိုင်အိုရဲ့ လုပ်ငန်း တိုးတက်ပြောင်းလဲမှု အပေါ် မူတည်ပြီးတော့ ပြောင်းလဲ ခန့်အပ်တာဖြစ်တယ်”ဟုု သူက မဇ္ဈိမကို ပြောသည်။

ယခင်က KIO ၏ ဒု ဥက္ကဋ္ဌ တာဝန်ယူနေသော ဗိုလ်ချုပ် အင်ဘန်လကို ကချင်လွတ်လပ်ရေး ကောင်စီ(KIC)၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲ ခန့်အပ် လိုက်သည်ဟု ဦးဒွဲပီဆာက ပြောသည်။

လက်ရှိ KIO/KIA ၏ နိုင်ငံရေးဆိုင်ရာများကို ဦးစီးလုပ်ဆောင်နေသော အုပ်ချုပ်ရေး အပါအဝင် ဌာနဆိုင်ရာ အားလုံး တာဝန်ယူထားသော ဗဟိုအလုပ်အမှုဆောင်များဖြင့် ဖွဲ့စည်းထားသော ကချင်လွတ်လပ်ရေး ကောင်စီ(KIC)၏ ဥက္ကဋ္ဌသည် ဦးဖောင်းဟရား တာဝန်ယူနေဆဲ ဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်က ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးမှ ထိပ်သီးခေါင်းဆောင်များအား ပြောင်းလဲ တာဝန်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး KIO/KIA နှင့် အရပ်ဘက် လူထုကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်ထိ လေးရက်ကြာ ကျင်းပခဲ့သည်ဟု သိရသည်။

လက်ရှိ KIO ထိပ်သီးခေါင်းဆောင်များ ရာထူးပြောင်းလဲ ခန့်အပ်လိုက်ခြင်းသည် လာမည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် လက်ရှိ နိုင်ငံရေး အခြေအနေအရ   ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ဦးဂွမ်ဂျာက ပြောသည်။

“ကျနော်အမြင်က နိုင်ငံရေး အခုရှေ့ဆက်သွားရမယ့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကိစ္စမှာ ရှေ့ဆက် သွားနိုင်ဖို့မှာ အန်စီအေ နိုင်ငံရေးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဂွမ်မော်က စစ်ဘက်မဟုတ်ဘဲ နိုင်ငံရေးဘက်မှာ ပိုမိုတာဝန်ယူပြီးမှ လုပ်ဆောင်သွားနိုင်မယ်လို့မြင်တယ်။ ပြောင်းလဲ ပြောင်းလဲထိုက်လို့ လုပ်တယ်လို့ဘဲ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ် အင်ဘန်လသည် ညီညွတ်သော တိုင်းရင်းသားလူမျုုိးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဋ္ဌ တာဝန်ယူနေသူဖြစ်ပြီး ဗိုလ်မှူးချုပ် ခေါင်လွမ်းသည်လည်း UNFC တွင် စစ်ဘက်ရေးရာ ကိုယ်စားလှယ်အဖြစ် ယာယီ တာဝန်ယူထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်က ငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် တာဝန်များ ခွဲဝေ လုပ်ဆောင်နိုင်ရန်အတွက် KIA ၏ ဒုတိယ စစ်ဦးစီးချုပ် နေရာတွင် ဗိုလ်မှူးချုပ် ခေါင်လွမ်းနှင့် ဗိုလ်မှူးချုပ် အောင်ဆိုင်းလာတို့ကို တာဝန်ခန့်အပ်ခဲ့သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...